မော်လမြိုင်၊ စက်တင်ဘာ ၇

မွန်ပြည်နယ်မှာ စစ်တပ် အာဏာသိမ်းပြီးနောက် အလုပ်သမားအများစု ပြည်ပနိုင်ငံတွေ ထွက်ပြီး သွားရောက် အလုပ်လုပ်ကိုင်လာတာကြောင့် ရော်ဘာရာသီအစမှာပဲ အလုပ်သမား ရှားပါးမှု ပြဿနာကို အကြီးအကျယ် ရင်ဆိုင်နေရတယ်လို့ ရော်ဘာခြံရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြည်နယ်အတွင်းက ရော်ဘာခြံတွေဟာ နှစ်စဉ် စက်တင်ဘာလမှာ လုပ်ငန်း ပြန်စကြတာ ဖြစ်ပြီး ဒီနှစ်မှာတော့ အလုပ်သမား ရှားပါးမှု ပြဿနာကို ဆိုးဆိုးဝါးဝါး ရင်ဆိုင်လာရတာပါ။

လက်ရှိမှာတော့ ရော်ဘာခြံတွေအတွက် ကျွမ်းကျင် အလုပ်သမားတွေ ခေါ်ယူလို့ မရသလို အရင် ရှိပြီးသား ကျွမ်းကျင် အလုပ်သမားတွေကလည်း ကုန်းဈေးနှုန်း အဆမတန် ကြီးမြင့်တာနဲ့ စားဝတ်နေရေး အခက်အခဲတွေကြောင့် ပြည်ပနိုင်ငံတွေ ထွက်ပြီး သွားရောက် အလုပ်လုပ်ကိုင်လာတာကြောင့် အလုပ်သမား ရှားပါးမှုနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး ရော်ဘာခြံရှင် တစ်ဦးက အခုလိုပဲ ပြောပါတယ်။“လုပ်သားတော့ တကယ်ရှားတယ်၊ ခြံတွေမှာ လုပ်သားတွေက မပြည့်လို့ အခုထိ လိုက်နေကြတုန်းဘဲ၊ နောက်ဒီမှာ လူတွေ မရှိတော့ ဘူးလေ၊ လူတွေ မရှိတော့ဘူး ဆိုတာက ယိုးဒယား တက်တယ် ဘန်ကောက် ထွက်တယ်၊ ထိုင်းဘက်ကို ကူတာက လူများတယ်၊ နောက်ပြီးတော့ နိုင်ငံခြား ထွက်တဲ့ လူတွေ များတယ်၊ မိန်းကလေးရော ယောကျာ်းလေးရော သွားကြတယ် ဆိုတော့ နယ်တွေမှာ ဘယ်လို ဖြစ်လည်း ဆိုရင် အဖွားကြီးအိုနဲ့ ကလေးတွေနဲ့ အဲ့လောက်တွေပဲ ကျန်ကြတယ်၊ မရှိကြတော့ဘူး ဆိုတော့ လုပ်သားတွေက ရှားသွားတာပေါ့နော်”လို့ ဆိုပါတယ်။

ဒါ့အပြင် ရော်ဘာခြံတွေအတွက် ကျွမ်းကျင် အလုပ်သမားတွေ ခေါ်ယူရာမှာလည်း အရင်ထက် လုပ်ခလစာ တိုးပေး ခေါ်ယူနေေပေမယ့် လာရောက် လုပ်ကိုင်သူတွေ မရှိသလောက် နည်းပါးလာတာကြောင့် ရော်ဘာအစေးခြစ်ဖို့ပင် အခက်ကြုံနေရတာပါ။

အရင်က ရော်ဘာခြံတွေမှာ ဧရာဝတီနဲ့ ပဲခူးတိုင်းဒေသကြီးတွေက လာရောက် လုပ်ကိုင်သူတွေ ရှိခဲ့ပေမယ့် စစ်ကောင်စီက နယ်မြေဖြတ်ကျော် သွားလာခွင့် ကန့်သတ်ချက်တွေ၊ မထင်ရင် မထင်သလို ဧည့်စာရင်းဝင်ရောက် စစ်ဆေးတာနဲ့ ညမထွက်ရ အမိန့်တွေကြောင့် လာရောက် လုပ်ကိုင်သူတွေ နည်းပါးလာခဲ့တာ ဖြစ်ပါတယ်။

အခုလို ရော်ဘာ အလုပ်သမား ရှားပါးလာတဲ့အတွက် ခြံတွေမှာ ရော်ဘာ အစေးထွက်နှုန်းတွေ လျော့ကျလာနိုင်သလို ရော်ဘာထုတ်လုပ်မှုကိုပါ ထိခိုက်လာနိုင်တယ်လို့ ရော်ဘာ ခြံရှင် တစ်ဦးက ပြောပါတယ်။

“အဲ့ဒီ လုပ်သား ရှားပါးသွားတဲ့ အနေအထားကျတော့ ကျွန်တော်တို့ရဲ့ ဒီတစ်နှစ်ရဲ့ ပုံမှန်ထွက်နေကြ အစေး ခြံလည်း ရှိတယ်၊ အပင်တွေလည်း ခြစ်နိုင်တဲ့ အပင်တွေလည်း ရှိတယ်၊ တကယ်တော့ လူအင်အား လုပ်သား အင်အား မရှိတဲ့ အတိုင်းအတာ အပေါ်မှာတော့ ကျွန်တော်တို့ အစေးထွက် လျော့သွား နိုင်တာပေါ့နော်၊ အစေးထွက် လျော့သွားနိုင်တဲ့ အနေအထား ကျတော့လည်း တစ်ဦးချင်း တစ်ယောက်ထဲမှာ အစေးထွက်လျော့ရင် ကျန်တဲ့ အမြောက်အများ ခြံတွေ အနေနဲ့လည်း လျော့နိုင်တာပေါ့၊ အဲ့ဒီတော့ ရော်ဘာ ထွက်ကုန် နည်းသွား တာပေါ့နော်”လို့ ဆိုပါတယ်။

အခုလို အခြေအနေတွေကြောင့် ရော်ဘာ ခြံကြီးတွေမှာ ကျွမ်းကျင်အလုပ်သမားတွေကို သတ်မှတ်အချိန်အတွင်း မရပါက လုပ်ငန်း လျော့ချ လုပ်ကိုင်ရလာနိုင်သလို ခြံအသေးတွေအနေနဲ့ကတော့ ခြံပိတ်ထား ရနိုင်တယ်လို့ ရော်ဘာ လုပ်ငန်းရှင်တွေက သုံးသပ်တာပါ။

တဖက်မှာတော့ ရော်ဘာခြံရှင်တွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် သွင်းအားစု ကုန်ပစ္စည်းတွေ ဖြစ်တဲ့ အက်စစ်နဲ့ ဓာတ်မြေသြဇာ အပါအဝင် ရော်ဘာထုတ်လုပ်တဲ့ ဆက်စပ်ပစ္စည်းဈေးနှုန်း ၄ ဆ နီးပါး မြင့်တက်လာတဲ့ အခြေအနေကိုပါ ထပ်မံရင်ဆိုင်နေတာပါ။

မွန်ပြည်နယ်ဟာ ရော်ဘာစိုက်ဧက ၅ သိန်းကျော် ရှိနေတဲ့ ပြည်နယ်တစ်ခု ဖြစ်ပြီး နှစ်စဉ် ရော်ဘာတန်ချိန် တစ်သိန်းကျော်ထွက်ရှိနေသလို ရော်ဘာကဏ္ဍနှစ်စဉ် အမေရိကန်ဒေါ်လာ သန်းနဲ့ချီ ရရှိနေတာ ဖြစ်ပါတယ်။

သတင်း-သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.