ကော့ကရိတ်၊ စက်တင်ဘာ ၇

ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေ ဖာပွန်ခရိုင်မှာ ပြီးခဲ့တဲ့ သြဂုတ်လ တစ်လအတွင်း ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲမှာ စစ်ကောင်စီနဲ့ BGF ပူးပေါင်းတပ်က တပ်ဖွဲ့ဝင် ၈၄ ဦး သေဆုံးခဲ့တယ်လို့ KNU တပ်မဟာ(၅)က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ တစ်လအတွင်း ဖာပွန်ခရိုင်ထဲမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၅)နဲ့ စစ်ကောင်စီတပ်၊ ကရင်နယ်ခြားစောင့်တပ်(BGF)ပူးပေါင်းတပ်တို့အကြား တိုက်ပွဲပေါင်း(၁၀၀)ကျော်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီနှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၈၄ ဦး သေဆုံးခဲ့ပြီး ၄၇ ဦး ဒဏ်ရာရရှိခဲ့ကာ သေဆုံးသူ အများစုဟာ BGF တပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ KNU တပ်မဟာ(၅)ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၅)ဘက်ကတော့ ရဲဘော်တစ်ဦး ကျဆုံးခဲ့ရသလို စစ်ကောင်စီရဲ့ ထောက်ပို့တံတားတစ်စင်းကိုလည်း တပ်မဟာ(၅)ဘက်က ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။

နှစ်ဖက်တိုက်ပွဲ ဖြစ်စဉ်အတွင်း ဒေသခံပြည်သူရဲ့ နေအိမ်(၂၄)လုံး ထိခိုက်ပျက်စီးမှုတွေရှိသလို စစ်ကောင်စီဘက်က လေယာဉ်နဲ့ (၃)ကြိမ် လာရောက်ဗုံးကြဲမှုကြောင့် အရပ်သား(၁)ဦးသေဆုံးပြီး (၅)ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU တပ်မဟာ(၅)က ထုတ်ပြန်ထားပါတယ်။

သတင်း-သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.