မြိုင် – ဩဂုတ်(၂၇)

မကွေးတိုင်း မြိုင်မြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ ဖမ်းဆီးရမိခဲ့တဲ့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်တစ်ဦးကို အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ Myaing Heroes Grenerations က ဩဂုတ်လ(၂၆) ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

မြိုင်မြို့နယ်က သဒွတ်ကျေးရွာနဲ့ ပေါက်ခေါင်းကျေးရွာတွေမှာ ခြေလျင်တပ်ရင်း (၂၅၈) က စစ်ကြောင်းမှူးဗိုလ်မှူးငြိမ်းချမ်း ဦးဆောင်တဲ့ အင်အား(၁၀၀) ပါစစ်ကြောင်းက အခုလို လုပ်ဆောင်ခဲ့တာပါ။

ဒါ့အပြင် အဲ့ဒီစစ်ကြောင်းဟာ မြိုင်မြို့နယ်အနောက်ပိုင်းကို စစ်ကြောင်းဆက်ထိုးနေပြီး ကျေးရွာ တွေကို မီးရှို့ဖျက်ဆီးနေတဲ့အတွက် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အချိန်မရွေးတိုက်ပွဲ ဖြစ်ပွား နိုင်လို့ ပြည်သူတွေ သတိဝီရိယနဲ့ နေထိုင်ကြဖို့လည်း Myaing Heroes Grenerations က တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ(၂၂) ရက်နေ့က သဒွတ်ရွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကြောင်းကို ဒေသကာ ကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၈)ဦးလောက် သေဆုံး ထားတယ်လို့ သိရပါတယ်။

ဩဂုတ်လ(၂၃) ရက်နေ့မှာတော့ သဒွတ်ရွာနဲ့ ပေါက်ခေါင်းရွာကြားမှာ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့လို့ Myaing Heroes Grenerations က ရဲဘော်နှစ်ဦးနဲ့ မဟာမိတ်တပ်ဖွဲ့တွေက ရဲဘော်လေးဦး စုစုပေါင်း(၆) ဦး ကျဆုံးထားပြီး M416 အမျိုးအစားသေနတ်(၂)လက်၊ M16 သေနတ်(၁) လက်နဲ့ စိန်းပြောင်းတစ်လက် ဆုံးရှုံးထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်သားတွေဟာ ပခုက္ကူခရိုင်တွင်းက မြိုင်၊ရေစကြို၊ပေါက် နဲ့ ပခုက္ကူ မြို့နယ်တွေကို ပြီးခဲ့တဲ့ ဇူလိုင်ထဲက အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာဖြစ်ပြီး ပြည်သူတွေနေအိမ်တွေကိုမီးရှို့တာ၊ဖမ်းဆီးသတ်ဖြတ်တာ၊ လမ်းပြဓားစာခံအဖြစ်ဖမ်းဆီး ခေါ်ဆောင်တာတွေလုပ်ဆောင်နေတဲ့အတွက် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ နေ့စဉ် လိုလိုဖြစ်ပွားနေပါတယ်။

ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီကြားထိတွေ့တိုက်ပွဲတွေကြောင့် မကွေးတိုင်းအတွင်း မှာပြည်သူ (၂) သိန်းကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးနေရပြီး ပြည်သူတွေဟာ စားနပ်ရိက္ခာ အတွက်အခက်အခဲတွေရင်ဆိုင်နေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Myaing Heroes Grenerations PDF (သဒွတ်ကျေးရွာကို မီးရှို့ထားပုံ)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.