ရေး ၊ သြဂုတ် (၁၇)

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ စက်သုံးဆီဈေးနှုန်း အဆမတန် မြင့်တက်လာပြီးနောက် လိုသလောက် ဝယ်ယူလို့ မရတဲ့ အခက်အခဲကြောင့် လျှပ်စစ်မီတာ တစ်ယူနစ် ကျပ် ၁၆၀၀ နီးပါးထိ တိုးမြှင့်လိုက်ကြောင်း ကုမ္ပဏီဘက်က အသိပေးလာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ရေးမြို့နယ်ဟာ အစိုးရလျှပ်စစ်မီး မရရှိသေးတဲ့ ဒေသဖြစ်တာကြောင့် ပုဂ္ဂလိလျှပ်စစ်မီးဖြန့်ဖြူးရောင်းချပေးနေတဲ့ ကုမ္ပဏီတွေကနေ လျှပ်စစ်မီးတွေကို ဈေးနှုန်း အဆမတန် ပေးချေပြီး ဝယ်ယူသုံးစွဲနေရတာပါ။

အခုရက်ပိုင်းအတွင်းမှာတော့ လျှပ်စစ်မီးဖြန့်ဖြူးရောင်းချပေးနေတဲ့ ကုမ္ပဏီတွေက စက်သုံးဆီဈေးနှုန်း မြင့်တက်လာပြီး ဝယ်ယူလို့ မရတာကြောင့် အချိန်ပိုင်းသာ လျှပ်စစ်မီးပေးတော့မယ်လို့ ကြေညာခဲ့ပါတယ်။

ဒါ့အပြင် လျှပ်စစ်မီတာခတွေကိုလည်း တစ်ယူနစ် ကျပ် ၁၆၀၀ နီးပါးထိ တိုးမြှင့်ကောက်သွားမယ့်အကြောင်း အသိပေးလာတာ ဖြစ်ပါတယ်။ရေးဒေသခံတစ်ဦးကတော့“ကျွန်တော်တို့ ရေးမှာက လျှပ်စစ်မီးနဲ့ ပတ်သက်ရင် ပြဿနာအများကြီးပဲ၊ အခုလည်း မီတာခ တိုးကောက်မယ့် ပြီးတော့ အချိန်ပိုင်းပဲ ပေးတော့မယ်ဆိုတော့ အားလုံး အခက်အခဲတွေ ဖြစ်ကုန်ပြီး၊ ဘာပြောလို့ ရမလဲ၊ သူတို့ လုပ်သမျှခံရမှာပဲ”လို့ ပြောပါတယ်။

လျှပ်စစ်မီတာခ အဆမတန် တိုးမြှင့်လာတာနဲ့ စက်သုံးဆီ ဝယ်ယူလို့ မရတဲ့အတွက် ရေးမြို့နယ်ရှိ စီးပွားရေးလုပ်ငန်းအများစု အခက်ကြုံလာရသလို တချို့လုပ်ငန်းတွေက စတင် ရပ်နားလာကြတယ်လို့ ဆိုပါတယ်။

ရေးမြို့နယ်ကိုတော့ ပုဂ္ဂလိလျှပ်စစ်မီးဖြန့်ဖြူးရောင်းချပေးနေတဲ့ ကုမ္ပဏီ ၃ ခုကနေ လျှပ်စစ်မီးတွေကို ဖြန့်ဝေပေးနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.