မော်လမြိုင် ၊ သြဂုတ် (၁၇)

စစ်ကောင်စီရဲ့ ငွေကြေးမူဝါဒ ကန့်သတ်ချက်တွေကြောင့် ဒေါ်လာဈေးနဲ့အပြိုင် ထိုင်းဘတ်ငွေဈေး အဆမတန် မြင့်တက်လာနေတဲ့အတွက် ထိုင်း-မြန်မာနှစ်နိုင်ငံ ကုန်သွယ်ရေး လုပ်ငန်းအများစု ရပ်နားထားကြတယ်လို့ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။

ထိုင်းငွေကြေးဟာ ဩဂုတ် ဒုတိယအပတ်အတွင်း တစ်ဘတ်ကို မြန်မာကျပ်ငွေ ၈၀ ကျော်ထိ ဈေးနှုန်း မြင့်တက်လာပြီးနောက် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းအများစု ရပ်နားလာကြတာ ဖြစ်ပါတယ်။လက်ရှိမှာတော့ ထိုင်းဘတ်ငွေဈေးနှုန်း အဆမတန် မြင့်တက်လာတဲ့အတွက် ကုန်သွယ်ရေး လုပ်ငန်းအများစု ရပ်နားထားပြီး အခြေအနေကို စောင့်ကြည့်နေကြတယ်လို့ နယ်စပ်ကုန်သည်တစ်ဦးက ပြောပါတယ်။

“ လက်ရှိမှာတော့ နားလိုက်ကြပြီး ။ ကုန်သည်တော်တော်များများလည်း နားလိုက်ကြပြီး ။ မဖြစ်မနေ ရောင်းဝယ်ရမယ့် လုပ်ငန်းရှင်တွေကလည်း အခြေအနေ ကြည့်နေကြပြီး “ လို့ ဆိုပါတယ်။

လတ်တလောမှာတော့ ထိုင်းဘတ်ငွေဈေးနှုန်းကြောင့် ကုန်ပစ္စည်း တင်သွင်းမှု သိသိသာသာကျဆင်းလာသလို မြန်မာနိုင်ငံက တင်ပို့နေတဲ့ ကုန်ပစ္စည်းတွေကလည်း စစ်ကောင်စီရဲ့ ကန့်သတ်ချက်တွေကြောင့် တင်ပို့မှု မရှိသလောက် နည်းပါးနေတာပါ။

နယ်စပ်ကုန်သည်တွေအဆိုအရ ထိုင်းဘတ်ငွေဈေးနှုန်းဟာ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံထဲကို ပို့ကုန်ပစ္စည်းတွေ အလွယ်တကူ တင်ပို့လို့ မရတဲ့ အခြေအနေနဲ့ အဓိက သက်ဆိုင်ရာနေတယ်လို့ ဆိုကြပါတယ်။

ကုန်သည်တစ်ဦးကလည်း ထိုင်းဘတ်ငွေ ဈေးနှုန်း မြင့်တက်လာတဲ့အတွက် နယ်စပ်ကုန်သွယ်ရေးဟာ ဆိုးဝါးတဲ့ အခြေအနေ တစ်ခုကို ရောက်ရှိလာနိုင်တယ်လို့ ပြောပါတယ်။

” ထိုင်းဘတ်ငွေဈေးတအားတက်သွားတဲ့အတွက် ကျွန်တော်တို့ ဒီဘက်ကကုန်သည်တွေက ပစ္စည်းအရောင်းအဝယ်တော်တော်လေးကို လျော့ကျသွားတဲ့ အနေအထားမှာ ရှိပါတယ်။ အခုဟာက ဘတ်ဈေးက တအားတက်တဲ့အနေအထား ကျတော့ ကျွန်တော်တို့ရဲ့ ရောင်းအားဝယ်အားနဲ့ နောက်ထပ်ဆိုးလာမယ့်အခြေအနေအရ ပြောရရင်တော့ ဒီထက်ဆိုးရင်ကုန်သွယ်ရေးက တော်တော်လျော့ကျသွားမယ်လို့မြင်နေတယ်” လို့ ကုန်သည်တစ်ဦးက လက်ရှိအခြေအနေကို သံလွင်တိုင်းမ်သို့ ပြောြပခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ မြဝတီ နယ်စပ်ကတဆင့် ထိုင်းနိုင်ငံထဲကို ပြောင်း အပါအဝင် စိုက်ပျိုးရေး ထွက်ပစ္စည်းတွေကို တင်ပို့နေတာ ဖြစ်ပြီး ထိုင်းနိုင်ငံဘက်ကတော့ မြန်မာနိုင်ငံထဲကို အခြေခံစားသောက်ကုန်၊ ဆေးဝါး၊ အလှကုန်၊ လူသုံးကုန် ပစ္စည်းနဲ့ ဆောက်လုပ်ရေးသုံး ကုန်ကြမ်း ပစ္စည်းတွေကို အဓိက တင်သွင်းနေတာ ဖြစ်ပါတယ်။

ဒါပေမယ့် ထိုင်း-မြန်မာနှစ်နိုင်ငံ ကုန်သွယ်ရေး အခြေအနေဟာ စစ်ကောင်စီရဲ့ တင်းကြပ်ထားတဲ့ ငွေကြေးမူဝါဒနဲ့ ကုန်သွယ်ရေး ကန့်သတ်ချက်တွေကြောင့် ကုန်သွယ်မှု သိသိသာသာ ကျဆင်းနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.