ဒီမော့ဆို ၊ သြဂုတ် (၁၇)

ကရင်နီပြည်နယ်မှာ ကုန်ဈေးနှုန်း အဆမတန်မြင့်တက်လာပြီးနောက် စစ်ရှောင်ပြည်သူတွေအတွက် ရိက္ခာဝယ်ယူဖို့ အခက်အခဲ ရှိလာတာကြောင့် လာမယ့် တစ်ပတ်အတွင်း ရိက္ခာပြတ်လပ်လာနိုင်တယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေက သံလွင်တိုင်မ်းကို ပြောပါတယ်။

ကရင်နီဒသမှာ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ခွဲကာလအတွင်း စစ်ရှောင်ပြည်သူအတွက် အဓိက ဝယ်ယူနေရတဲ့ ဆန်တစ်အိတ်ကို ၂ ဆ ကျော်ဈေးနှုန်း မြင့်တက်လာသလို စစ်ကောင်စီရဲ့ တင်းကြပ်ထားတဲ့ စည်းကမ်းချက်တွေကြောင့် လိုသလောက် ဝယ်ယူလို့ မရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။

တဖက်မှာတော့ စစ်ရှောင်ပြည်သူတွေအတွက် ကူညီထောက်ပံ့သူတွေ နည်းပါးလာတာကြောင့် လာမယ့် တစ်ပတ်အတွင်း ရိက္ခာပြတ်လပ်မှုနဲ့ ကြုံရနိုင်တယ်လို့ စစ်ရှောင်အရေးကူညီနေသူ တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် စက်သုံးဆီကလည်း တစ်လီတာကို ကျပ် ၃၅၀၀ ကျော်ထိ မြင့်တက်လာသလို ရိက္ခာဝယ်ယူဖို့အတွက်လည်း စက်သုံးဆီ အလုံအလောက် မရှိနေတာကြောင့် အကြီးအကျယ် ဒုက္ခကြုံနေရတာပါ။

လတ်တလောမှာတော့ စက်သုံးဆီပြတ်လပ်မှုကြောင့် ရွေ့လျားဆေးကုသပေးတဲ့ အစီအစဉ်တချို့ ရပ်နားထားရပြီး ကျန်းမာရေးစောင့်ရှောက်မှု လုံလုံလောက်လောက် မပေးနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။

ကရင်နီပြည်နယ်မှာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တို့ရဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ၂ သိန်းနီးပါးဟာ ဘေးလွတ်ရာ နေရာတွေနဲ့ စစ်ရှောင်စခန်းတွေမှာ တိမ်းရှောင်နေရတာပါ။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.