မော်လမြိုင် – ဩဂုတ်(၁၆)

ပြည်သူလူထုရဲ့ ရိုးရိုးသားသားလုပ်ကိုင်ရှာဖွေပြီး စုဆောင်းထားမှုတွေဟာ ဘာမှ မလုပ်မကိုင်ကြ ဘဲအလိုလိုနေရင်း ပိုင်ဆိုင်မှုတွေထက်ဝက်တန်ဖို့ လျှော့ကြပြီး ပြည်သူတွေရဲ့ အသက်ရှင်ရပ် တည်ဖို့အတွက် ခက်ခဲလွန်းတဲ့ အခြေအနေမျိုးတွေရဲ့ အဓိက တရားခံတွေကို အမြစ်ဖြတ်ဖို့ အချိန်ရောက်ပြီလို့ NUG ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောဆိုလိုက်ပါတယ်။

ဒီနေ့ ဩဂုတ်လ(၁၆) ရက် မနက် ပိုင်းက ကျင်းပခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (၆၄) ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးမှာ အခုလိုပြောဆိုခဲ့တာပါ။ “ကျွန်တော်တို့အားလုံးအတွက် အနိုင်တိုက်ရမယ့် နောက်ဆုံးပွဲလည်းဖြစ်ပါတယ်။

ပြည်သူတွေ အသက်ရှင်ရပ်တည်ဖို့အတွက် ခက်ခဲလွန်းတဲ့ အခြေအနေမျိုးတွေရဲ့ အဓိက တရားခံတွေကို အမြစ်ဖြတ်ဖို့ အချိန်ရောက်ပါပြီ။ ကျွန်တော်တို့ တက်ညီလက်ညီဆက်ကြိုးစား ကြမယ် အောင်ပွဲ ကမဝေးတော့ပါဘူး” လို့ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောခဲ့ ပါတယ်။

ဒါ့အပြင် အစိုးရအဖွဲ့က ဖွဲ့စည်းထားတဲ့ ကော်မတီတစ်ခုချင်းစီ အနေနဲ့ တော်လှန်ရေးအတွက် အကျိုးရှိစေမယ့် လုပ်ငန်းတွေအကောင်အထည်ဖော်ချိန်မှာ စနစ်တကျစီမံ ဆောင်ရွက်ကြဖို့ လိုတယ်လို့ ဝန်ကြီးချုပ်က ပြောပါသေးတယ်။

ဒီနေ့အစည်းအဝေးကို ယာယီသမ္မတ ဒါဝါလရှီးလနဲ့ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တို့အပါအဝင် ဝန်ကြီးတွေနဲ့ တာဝန်ရှိသူတွေတက်ရောက်ခဲ့ကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.