ရေး ၊ သြဂုတ် (၇)

မွန်ပြည်နယ် ရေးမြို့နယ်အတွင်း ပြည်သူတွေရဲ့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ရပ်ရွာအေးချမ်း တည်ငြိမ်းရေးတို့အတွက် ဆိုပြီး မြို့တွင်း ဖြတ်သန်းသွားလာမှုတွေကို စစ်ကောင်စီက ဒေသန္တရအမိန့်ထုတ်ပြန်ပြီး ကန့်သတ်လိုက်ပါတယ်။

ဩဂုတ် ၅ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ အဲဒီဒေသန္တရအမိန့်အရ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေရဲ့ ထောက်ခံချက် ဒါမှမဟုတ် နိုင်ငံသား စိစစ်ရေးကတ်ပြားမပါဘဲ နယ်မြေကျော် ခရီးသွားလာတာ မပြုလုပ်ဖို့ နဲ့ ရေးမြို့တွင်း မည်သည့်ယာဉ်နဲ့ လူတွေမဆို ည ၈ နာရီကနေ နံနက် ၄ နာရီအတွင်း ဖြတ်သန်းသွားလာတာ လုံးဝမပြုလုပ်ဖို့ တားမြစ်ထားပါတယ်။

မြို့တွင်း ဖြတ်သန်းသွားလာရာမှာလည်း တားမြစ်ထားတဲ့ လမ်းတွေကို ခွင့်ပြုထားတဲ့ ယာဉ်နဲ့ လူကလွဲရင် အခြားမည်သည့် ယာဉ်နဲ့ လူတွေ ဖြတ်သန်းသွားလာခြင်း လုံးဝမပြုလုပ်ကြဖို့ကိုလည်း အမိန့်ထုတ်ပြန်စာမှာ ပါရှိပါတယ်။

ဆိုင်ကယ်စီးနင်းရာမှာလည်း မော်တော်ဆိုင်ကယ်တစ်စီးမှာ အမျိုးသားနှစ်ဦး မစီးရ၊ အမျိုးသမီးမောင်းတဲ့ ဆိုင်ကယ် အမျိုးသားလိုက်ပါ မစီးရ၊ အမျိုးသားနောက်မှာ အမျိုးသမီးလိုက်ပါစီးနင်းနိုင်ပြီး အမျိုးသမီးနှစ်ဦး စီးနင်းနိုင်တယ်လို့ ဆိုပါတယ်။

ရေးမြို့အတွင်း လုံခြုံရေးဆောင်ရွက်နေစဉ် ယာဉ်တွေ မော်တော်ဆိုင်ကယ်တွေ အရှိန်ပြင်းစွာ မောင်းနှင်တာ၊ စစ်ဆေးရေးအဖွဲ့ကနေ ရပ်တန့်စစ်ဆေးတာကို လက်မခံဘဲ မောင်းနှင်ထွက်ပြေးတာတွေ မပြုလုပ်ရဘူးလို့လည်း တားမြစ်ထားပါသေးတယ်။

ရေးတံတားကြီးနဲ့ ချောင်းတောင်တံတားပေါ်မှာ ယာဉ်တွေဖြတ်သန်းသွားလာစဉ် ယာဉ်မောင်းကလွဲပြီး ယာဉ်ပေါ်လိုက်ပါလာသူ အားလုံး လမ်းဆင်းလျှောက်ရမှာဖြစ်ပြီး မည်သည့် တံတားပေါ်မှာမဆို အကြောင်းမဲ့ ယာဉ်ရပ်နားတာ မပြုလုပ်ရဘူးလို့လည်း အမိန့်ထုတ်ထားပါတယ်။

ဒါ့အပြင် ရေးမြို့နယ်အတွင်း ကူးတို့ရေယာဉ်တွေ စက်တပ်ရေယာဉ်တွေနဲ့ ပင်လယ်ပြင်ထွက် ရေယာဉ်အားလုံးဟာ သက်ဆိုင်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံမှာ လိုက်ပါမယ့်သူ အမည်စာရင်းတင်ပြပြီး ထွက်ခွာခွင့်အထောက်အထား ယူရမှာ ဖြစ်ပါတယ်။

ပြန်လည်ရောက်ရှိလာရင်လည်း ရောက်ရှိကြောင်း သတင်းပေးပို့တင်ပြရမှာဖြစ်ပြီး သတ်မှတ်ထားတဲ့ ကန့်သတ်ချိန်ကလွဲပြီး ကျန်အချိန်တွေမှာ ကူးသန်းသွားလာခြင်း မပြုရဘူးလို့ စစ်ကောင်စီက တင်းကြပ်စွာ ညွှန်ကြားထားတာ ဖြစ်ပါတယ်။

အဲဒီညွှန်ကြားချက်တွေကို လိုက်နာဆောင်ရွက်သွားဖို့နဲ့ လိုက်နာဆောင်ရွက်ခြင်း ရှိ၊ မရှိ ဒီနေ့က သြဂုတ် ၆ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ပညာပေးကာလအဖြစ် သတ်မှတ်စစ်ဆေး ဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

ပညာပေးကာလ ကုန်ဆုံးပြီးနောက် တားမြစ်ချက်တွေကို ဖောက်ဖျက်ကျူးလွန်ပါက တည်ဆဲဥပဒေအရဖြစ်စေ ရာဇသတ်ကြီးပုဒ်မ ၁၈၈ အရဖြစ်စေ အရေးယူသွားမယ်လို့ အမိန့်ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.