မော်လမြိုင် ၊ သြဂုတ် (၇)

မွန်ပြည်နယ်မှာ အခုနှစ် ဇန်နဝါရီလကနေ ဇူလိုင်လကုန်ထိ ၇ လတာကာလအတွင်း သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူ ၂၀၀၀ နီးပါးထိ ရှိလာပြီး အဲဒီထဲမှာ ကလေးငယ် ၃ ဦး သေဆုံးထားတယ်လို့ စစ်ကောင်စီ လက်အောက်ခံ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနကနေ သိရပါတယ်။

သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုအရ ပြီးခဲ့တဲ့ မေလကနေ ဇူလိုင်လအတွင်း ရောဂါအများဆုံး ဖြစ်ပွားခဲ့သလို တစ်ပတ်ကို ကလေးငယ် အယောက် ၁၀၀ နီးပါး ရောဂါ ဖြစ်ပွားခဲ့တာပါ။

သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားသူ အများစုဟာ အသက် (၅)နှစ်နဲ့ (၉)နှစ်ကြား ကလေး သူငယ်တွေ ဖြစ်ပြီး အချိန်မီ ဆေးကုသမှု မခံယူနိုင်တာကြောင့် ကျိုက်ထိုမြို့နယ်က (၂) ဦး၊ ရေးမြို့နယ်က (၁) ဦး စုစုပေါင်း(၃)ဦးထိ သေဆုံးခဲ့ပါတယ်။

သွေးလွန်တုပ်ကွေးရောဂါဟာ အရင်နှစ်ကထက် သိသိသာသာ များလာခဲ့သလို ပြင်းထန်မှုလည်း များတာကြောင့် ကလေးသူငယ်တွေ ဖျားနာရင် အထူးဂရုစိုက်ကြဖို့ အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက တိုက်တွန်းပါတယ်။

ကလေးသူငယ်တွေ အနေနဲ့ သွေးလွန်တုပ်ကွေး ဖြစ်ပွားနိုင်တဲ့ ခြင်းကိုက်ခံရပြီး ဖျားနာလာပါက အချိန်မီ ဆေးရုံ ဆေးခန်းတွေကို ပြသဖို့လိုအပ်ပြီး မပြသပါက ဖျားနာပြီး (၄) ရက်မှ (၇)ရက်အတွင်း အန္တရာယ်ရှိတဲ့ သွေးယိုစည်းမှုတွေ၊ သွေးလန့်တဲ့ လက္ခဏာတွေ ဖြစ်ကာ အသက်သေဆုံးနိုင်ပါတယ်။

သွေးလွန်တုပ်ကွေး ရောဂါဟာ အရင်နှစ်တွေက ဖြစ်ပွားမှု နည်းခဲ့တာကြောင့် ဒီနှစ်မှာ အဖြစ်များ နေတဲ့ အတွက် နေအိမ်တွေမှာ ဖုံး၊သွန်၊လဲ၊စစ် လုပ်ငန်းတွေကို လုပ်ဆောင်ဖို့ လိုအပ်သလို ကလေးသူငယ်တွေကိုလည်း ခြင်ကိုက် မခံရအောင် ထားရှိဖို့ လိုအပ်တယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။

မွန်ပြည်နယ်ဟာ မြန်မာနိုင်ငံမှာ သွေလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားမှုအနေနဲ့ တတိယ အများဆုံး ဖြစ်ပွားတဲ့ ပြည်နယ် တစ်ခု ဖြစ်ပြီး ပြည်နယ်တွင်းရှိ မြို့နယ်တွေထဲမှာတော့ မော်လမြိုင်၊ ချောင်းဆုံနဲ့ သံဖြူဇရပ်မြို့နယ်တွေမှာ အများဆုံး ဖြစ်ပွားနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.