ပလက်ဝ- ဩဂုတ်(၃)

ချင်းပြည်နယ်၊ ပလက်ဝမြို့မှာ ကျောင်းသူ၊ကျောင်းသားတွေစီးနင်းလိုက်ပါလာတဲ့ စက်လှေ တစ်စီးကို နှမဒါ ကျေးရွာအခြေစိုက် စစ်တပ်က ပစ်ခတ်ခဲ့တဲ့ အတွက်ကျောင်းသား(၂) ဦးသေဆုံး ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပြင်းထန်စွာရှုတ်ချတယ်လို့ ချင်းအမျိုးသား အတိုင်ပင်ခံ ကောင်စီ ICNCC နဲ့ ရက္ခိုင့်တပ်တော် AA တို့က ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ(၂) ရက်နေ့က ပလက်ဝမြို့နယ် တုံမဝ ကျေးရွာက ကုလားတန်မြစ်ကြောင်း အတိုင်းပြန်လာတဲ့ စက်လှေကို မြစ်တဖက်ကမ်း နှမဒါးကျေးရွာက စစ်ကောင်စီတပ်ဖွဲ့က အကြောင်းမဲ့ ပစ်ခတ်ခဲ့တဲ့အတွက် အသက်(၁၁) နှစ်အရွယ် ကျောင်းသား(၂) ဦး သေဆုံးခဲ့ပြီး တခြားကျောင်းသား(၂) ဦးနဲ့ ပညာရေးဝန်ထမ်း(၁) ဦးထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။ “လောလောဆယ်တော့ ဒဏ်ရာရထားတဲ့ သုံးဦးက ပလက်ဝဆေးရုံမှာ မနေ့က ည(၇:၃၀) လောက်ရှိပြီး ဆေးကုသမှုခံယူနေပါတယ်။ သေဆုံးသွားတဲ့ နှစ်ယောက်ကတော့ ရွာမှာပဲ မီးသဂြိုလ် ထားပါတယ်” လို့ ပလက်ဝမြို့ဒေသခံ တစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။ စစ်ကောင်စီရဲ့ ချင်းပြည်နယ်မှာ လူမဆန်တဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ပြင်းထန်စွာရှုတ်ချ ကြောင်းနဲ့ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုဖော်ထုတ်နိုင်ချိန်မှာ တရားမျှတမှုရရှိနိုင်ဖို့ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ချင်းပြည်နယ်ထဲကို ကျူးကျော်ဝင်ရောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ပြည်နယ်အတွင်းက ဖယ်ရှားနိုင်မှ ချင်းပြည်သူတွေ လုံခြုံငြိမ်းချမ်းနိုင်မှာ ဖြစ်တဲ့အတွက် စစ်အာဏာရှင်စနစ် အမြစ် ဖြုတ်ဖယ်ရှားနိုင်ဖို့အတွက် ကျရာနေရာကနေ ဆက်လက်ပါဝင်ကြဖို့ ချင်းပြည်သူလူထု တရပ်လုံးကို ICNCC က တိုက်တွန်းခဲ့ပါတယ်။ ကုလားတန်မြစ်ကြောင်းတစ်လျှောက် ကူးသန်းရောင်းဝယ်ရေးနဲ့ လူမှုရေး၊စီးပွားရေး၊ ကျန်းမာ ရေးအတွက် သွားလာနေကြတဲ့ ခရီးသွားပြည်သူတွေကို မြစ်ကြောင်းကမ်းဘေး မှာစခန်းချနေ တပ်စွဲဂိတ်ချထားတဲ့ စစ်တပ်က အတင်းအဓမ္မ ပစ္စည်းတောင်းခံတာ၊ ငွေကြေးကောက်ခံတာ၊ သေနတ်ဖောက်ရပ်တန့်ခိုင်းတာနဲ့ မရပ်ပေးတဲ့ စက်လှေတွေကို သေနတ်နဲ့ ပစ်ခတ်တာ တွေလုပ် ဆောင်နေတယ်လို့ ရက္ခိုင့်တပ်တော် (AA) ကထုတ်ပြန်ထားပါတယ်။ လက်ရှိအချိန်မှာ ပြည်သူလူထုဟာ အကြောက်တရား၊စိုးရိမ်ထိတ်လန့်မှုတွေရှိနေတာ ပကတိ အမှတ်တရားတစ်ခုဖြစ်တယ်လို့ ဩဂုတ်လ(၂) ရက်နေ့က ဖြစ်ပျက်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ထုတ်ပြန်ထားပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူတွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ပလက်ဝဆေးရုံကို သံလွင်တိုင်မ်း က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – AA / ICNCC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.