ပွင့်ဖြူ – ဩဂုတ်(၃)

မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ လုယက်မှုတွေဆက်တိုက်ဖြစ်ပေါ်နေပြီး အသက်အန္တရာယ်ပါ စိုးရိမ်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်မ်းကို ပြောပါတယ်။ ပွင့်ဖြူမြို့မယ်မှာ စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ထားသလို ဒေသခံတွေကို အမြဲလိုလို စစ်ဆေးနေတာပါ။ ဇူလိုင်လ(၃၀) ရက်နေ့က ကျောင်းစုရွာနဲ့ ဇီးတောကျေးရွာကြားမှာ ဆိုင်ကယ်လုယက်ခံရပြီး ဩဂုတ်လ(၃) ရက်နေ့မှာလည်း မြို့ပေါ်မှာ ကြက်သားသည်လင်မယားရိုက်နှက်ပြီး ပစ္စည်း လုယက် ခံခဲ့ရတယ်လို့ သိရပါတယ်။ “ကျောင်းစုမှာတုန်းကယောက်ျားလေးနှစ်ယောက်၊မိန်းက​လေးတစ်ယောက်စုစုပေါင်းသုံးယောက်က ဇီးတောက ကလေးမလေးကို လက်သီးနဲ့ထိုးပြီးတော့ဆိုင်ကယ်ကိုလုယူသွားတာ။ ဒီနေ့ကြက်သားသည်လင်မယားကိုလည်း ရိုက်နှက်ပြီး ရွှေနဲ့ ငွေတွေလုသွားတယ်” လို့ ဒေသခံတစ်ဦးကသံလွင်တိုင်းမ်ကိုပြောပါတယ်။ရိုက်နှက်လုယက်ခံလိုက်ရတဲ့ ကြက်သားသည်လင်မယားဟာ ပွင့်ဖြူမြို့မစျေးကို စျေးရောင်း သွားချိန်မနက်(၃) နာရီဝန်ကျင် ကွက်သစ်သုဿန်နားမှာ ရွှေဆွဲကြိုးနဲ့ ငွေသားတွေကို ရိုက်နှက် လုယူခံရပြီး နောက် အမျိုးသားဖြစ်သူဟာ ဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။ “တရားဥပဒေစိုးမိုးမှုမှမရှိတာ။ တစ်ဖက်ကလည်းစစ်ကောင်စီကစပြီးတော့ ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်ကို ယူချင်တိုင်းယူဖျက်ချင်တိုင်းဖျက်နေကြတာ။ကျန်တဲ့လူတွေက ဒါလုပ်ဖို့ဝန်မလေးတော့ဘူး။ မြို့ကြီးတွေပေါ်မှာလည်းဘဏ်တွေဓားပြတွေ တိုက်တာတွေခိုး တာတွေလုတာတွေဖြစ်လာတာ။ ဒါတွေက သူတို့ကစည်းဖောက်တော့ ကျန်တဲ့လူဆိုးသူခိုးတွေက လည်း ဒါတွေလုပ်ဖို့ဝန်လေးမှာမဟုတ်တောဘူး”လို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပွင့်ဖြူမြို့နယ် ကတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဒါ့အပြင် ပွင့်ဖြူမြို့မှာ ည(၈) နာရီကနေ မနက်(၄) နာရီထိ မထွက်ရအမိန်ထုတ်ပြန်ထားတာ ကြောင့် တစ်မြို့နယ်လုံးအတိုင်းအတာနဲ့ စစ်ကောင်စီက ကင်းပုန်းဝတ်လုံခြုံရေးအင်အားတွေ ချထားတဲ့အတွက် မနက်(၃) နာရီမှာ လုယူခံရတာဟာ စစ်ကောင်စီတပ်သားတွေလုပ်တာ ဖြစ်နိုင် တယ်လို့ သူက ပြောပါသေးတယ်။ ပွင့်ဖြူမြို့မှာ စစ်ကောင်စီတပ်သားတွေ၊ ကြံခိုင်ရေးပါတီဝင်တွေနဲ့ ပျူစောထီးတွေဦးဆောင်ပြီး လောင်းကစားဝိုင်းတွေနေရာအနှံ့ပြုလုပ်နေတာ (၁) နှစ်ကျာ်ကြာမြင့်လာပြီဖြစ်တဲ့အတွက် အဲ့ဒီလောင်းကစားဝိုင်းတွေကြောင့်လည်း ခိုးဆိုးလုယက်တွေဖြစ်လာတာလို့ ဒေသခံတွေက သုံးသပ်ကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.