ဖာပွန် ၊ ဇူလိုင် (၂၁)

 
ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင်အတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးဟာ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA တပ်မဟာ ၅ ထံ လက်နက်ခဲယမ်းနဲ့တကွ အလင်းဝင်လာတယ်လို့ တပ်မဟာ ၅ က ထုတ်ပြန်ပါတယ်။

 
ပြီးခဲ့တဲ့ ဇူလိုင်(၆)ရက်နေ့က ဖာပွန်မြို့အခြေစိုက် စစ်ကောင်စီရဲ့ ခမရ(၃၄၁)တပ်ရင်းက တပ်ဖွဲ့ဝင်တစ်ဦးဟာ သေနတ်တစ်လက်နဲ့ ကျည်ဆံကျည်ဘောက်တွေအပါအဝင် အလင်းဝင်ရောက်လာခဲ့ပြီး အဲဒီတပ်သားဟာ ကရင်ပြည်နယ်နဲ့ ကရင်နီပြည်နယ်အစပ်မှာရှိတဲ့ နတ်တောင်ခြေကုပ်စခန်းကနေ ထွက်ပြေးဝင်ရောက်လာတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 
ဒါ့အပြင် ပြီးခဲ့တဲ့ဇူလိုင်(၁၀)ရက်နေ့ကလည်း စစ်ကောင်စီရဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)လက်အောက်ခံ ခလရ(၅၄) တပ်ရင်းက တပ်သားတစ်ဦးဟာလည်း သေနတ်နှစ်လက်နဲ့ ကျည်ဆံတွေနဲ့အတူ အလင်းဝင်ရောက်လာခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိတာပါ။


အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတစ်ဦးကတော့ စစ်အာဏာရှင်စနစ်ကို လုံးဝမလိုလားဘဲ ပြည်သူလူထုနဲ့အတူပူးပေါင်းပြီး စစ်အာဏာရှင်ပြုတ်ကျဖို့အရေးကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

 
ကေအဲန်ယူ-ဖာပွန်ခရိုင်အတွင်းမှာ စစ်ဆင်ရေးဝင်ရောက်လှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း တပ်မဟာ ၅ ထံ လက်နက်ချအလင်းဝင်ရောက်လာခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ဦးရေဟာ အယောက်(၅၀) ကျော်အထိရှိလာတယ်လို့ KNU တပ်မဟာ ၅ ရဲ့ ထုတ်ပြန်ထားတဲ့မှတ်တမ်းအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.