မော်လမြိုင် ၊ ဇူလိုင် (၂၁)


မွန်ပြည်သစ်ပါတီ ဦးဆောင်ရေးဆွဲမယ့် ရာမညမွန်ပြည် ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်က လုပ်ဆောင်မယ်ဆိုရင် ကန့်ကွက်သွားမယ်လို့ မွန်ပြည်ကြားကာလ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (MSICC) က သံလွင်တိုင်းမ်ကို ပြောပါတယ်။

 
မွန်ပြည်သစ်ပါတီ ဦးဆောင် ကျင်းပခဲ့တဲ့  ၂၀၂၂ မွန်အမျိုးသားညီလာခံကနေ ဖက်ဒရယ် ပြည်ထောင်စု အခြေခံမူနဲ့ ရာမညမွန်ပြည် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ခြောက်လအတွင်း အပြီးရေးဆွဲဖို့ ဆုံးဖြတ်ချက် ချမှတ်ထားတာ ဖြစ်ပါတယ်။


လက်ရှိမှာတော့ ဖက်ဒရယ်ပြည်ထောင်စု အခြေခံမူနဲ့ ရာမညမွန်ပြည် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲဖို့အတွက် ကိုယ်စားလှယ် ၁၇ ဦးပါတဲ့ စေ့စပ်ညှိနှိုင်းရေးဆွဲရေး ကော်မတီကို ဖွဲ့စည် တာဝန်ပေးအပ်ထားတာပါ။

 
အဲဒီစေ့စပ်ညှိနှိုင်းရေးဆွဲရေး ကော်မတီမှာ မွန်သံဃာတော်၊ မွန်ပြည်သစ်ပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ မွန်အရပ်ဘက် အဖွဲ့အစည်းတွေ၊ ဖိတ်ကြားသင့်တဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းက ကိုယ်စားလှယ် ၁၇ ဦး ပါဝင်ပါတယ်။

 
မွန်ပြည်ကြားကာလပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (MSICC)ကတော့ ရာမညမွန်ပြည် ဖွဲ့စည်းပုံ ရေးဆွဲရာမှာ ဖက်ဒရယ်ဒီမိုကရေစီချာတာမူနဲ့ သွေဖယ်ပြီး ၂၀၀၈ ဖွဲ့စည်းအခြေခံဥပဒေအောက်ကနေ ရေးဆွဲသွားမယ်ဆိုရင် ကန့်ကွက်သွားမယ်လို့ ပြောပါတယ်။

“ကျွန်မတို့လည်း ဖက်ဒရယ်ဒီမိုကရေစီချာတာကို အရင်းတည်နိုင်အောင်ကို Advocacy (စည်းရုံးရေး) ဝင်တာရှိတာပေါ့။ကျွန်မတို့က ဘာပဲပြောပြော လူမျိုးအခြေပြုလို့ ပြောလို့ရှိရင် လူမျိုးတွေရဲ့ ဆုံရပ်ထဲမှာ တစ်နည်းတစ်ဖုံတော့ ဆုံတဲ့ လမ်းကြောင်းတွေတော့ ရှိပါတယ်။ အဲဒါဆိုရင်တော့ ဖက်ဒရယ်ဒီမိုကရေစီချာတာကို မဆန့်ကျင်ဘူးဆိုလို့ ရှိရင် ပြည်သူတွေရဲ့ မူကိုပဲ ကျင့်သုံးပြီးတော့ လုပ်ဆောင်မှုတွေတော့ ရှိပါတယ်။ အကယ်၍ သွေဖယ်လာမယ်ဆိုရင်တော့ ကျွန်မတို့ ကန့်ကွက်မှုတွေ လုပ်ဆောင်ခဲ့တာရှိသလို ဆက်လက်ပြီး လုပ်ဆောင်ရမှာ။ ဥပမာ ကျွန်မတို့ ၂၀၀၈ (ဖွဲ့စည်းပုံအခြေခံဥပဒေ) ကို လုံဝလက်မခံပါဘူး။၂၀၀၈ အောက်ကို သွားမယ်ဆိုလို့ရှိရင် ကျွန်မတို့ ကန့်ကွက်ရမှာပေါ့။ သက်ဆိုင်ရာ ကန့်ကွက်နိုင်တဲ့ အစုအဖွဲ့ကနေ ကျွန်မတို့ လုပ်ဆောင်ရမှာ ဖြစ်တယ်”လို့ MSICC တွဲဘက်အတွင်းရေးမှူး ( ၂ ) မိဆုတဂျိုက ဆိုပါတယ်။


MSICC ရဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီး ရာမညမွန်ပြည် ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရေးမှာ ပါဝင်တဲ့ မွန်ပြည်သစ်ပါတီ ၊ ပြောရေးဆိုခွင့်ရှိသူကို သံလွင်တိုင်းမ်က မေးမြန်းဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် အဆက်အသွယ် မရရှိခဲ့ပါဘူး။


မွန်ပြည်သစ်ပါတီဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲဖို့ အပါအဝင် တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ သီးခြားရေးဆွဲပြဌာန်းနိုင်ဖို့ တင်ပြဆွေးနွေးခဲ့ပြီး စစ်ကောင်စီဘက်က နှုတ်အားဖြင့် သဘောတူခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ ပြောခွင့်ရ နိုင်အောင်မငေးက သံလွင်တိုင်မ်းကို ပြောဆိုထားပါတယ်။

 
မွန်ပြည်ကြားကာလ ပူး‌ပေါင်းဆောင်ရွက်ရေးကော်မတီဟာ စစ်အာဏာသိမ်းပြီးနောက် ဖွဲ့စည်းထားတဲ့ ကော်မတီ တစ်ခု ဖြစ်ပြီး လက်ရှိမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှာ ဝန်ကြီးသုံးဦးနဲ့ အမျိုးသားညီညွတ်‌ရေးအတိုင်ပင်ခံကောင်စီ (NUCC) မှာ ကိုယ်စားလှယ်သုံးဦး ပါဝင်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.