ထားဝယ် ၊ ဇူလိုင်(၂၁)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ မေတ္တာမြို့၊ ဘဝပင်ကျေးရွာအနီးက PDF စခန်းငယ်တစ်ခုကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီးနောက် မီးရှို့ဖျက်ဆီးလိုက်တယ်လို့ ဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်နေ့ ညက တပ်အင်အား ၇၀ လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ပျောက်ကြားအဖွဲ့တစ်ခုရဲ့ စခန်းတစ်ခုငယ်ကို ဝင်ရောက် စီးနင်းခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက် စီးနင်း တိုက်ခိုက်လာတာကြောင့် စခန်းကနေ ဆုတ်ခွာပေးခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီနောက်မှာ စစ်ကောင်စီတပ်ဟာ စခန်းအတွင်းက အသုံးအဆောင် ပစ္စည်းတချို့ကို  ယူဆောင်သွားပြီးနောက် စခန်းကို မီးရှို့ဖျက်ဆီးလိုက်တာ ဖြစ်တယ်လို့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ PDF စခန်းငယ် တစ်ခုကို မီးရှို့ဖျက်ဆီပြီးနောက် ဒေသခံတချိုကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ဇူလိုင် ၂၀ ရက်နေ့မှာ ပြန်လွှတ်ပေးလာတယ်လို့ဆိုပါတယ်။

ထားဝယ်မြို့နယ် ခေါင်တိုင်ပြင်ကျေးရွာမှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၁ ရက်နေ့ တုန်းကလည်း PDF စခန်းတစ်ခု ဝင်ရောက်စီးနင်း သိမ်းပိုက်ခံခဲ့ရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.