ဒီမော့ဆို ၊ ဇူလိုင်(၂၁)

ကရင်နီပြည်နယ်၊ ဒီမော့ဆိုမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖွင့်လှစ်ထားတဲ့ ခါနာန်ဆေးရုံမှာ ဆေးဝါးမလုံလောက်တာကြောင့် စစ်ရှောင်ပြည်သူတွေကို မိုဘိုင်းစနစ်နဲ့ ဆေးကုသပေးမှု အစီအစဉ် ရပ်နားလိုက်ရတယ်လို့ ဒီးမော့ဆို PDF သတင်းပြန်ကြားရေး တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီခါနာန်ဆေးရုံဟာ တောထဲမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေကို မိုဘိုင်းစနစ်နဲ့ တစ်ပတ်နှစ်ကြိမ် ဆေးကုသပေးမှုတွေ လုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။

ဒါပေမယ့် ဇူလိုင်လ တတိယအပတ်ကစပြီး ဆေးဝါး မလုံလောက်တော့တဲ့အတွက်  မိုဘိုင်းစနစ်နဲ့ ဆေးကုသပေးမှု အစီအစဉ် ရပ်နားလိုက်ရတာ ဖြစ်ပါတယ်။

မိုဘိုင်းစနစ်နဲ့ ဆေးကုသပေးမှု အစီအစဉ် ရပ်နားလိုက်ရတဲ့အတွက် တောထဲမှာ စစ်ရှောင်နေရတဲ့ သက်ကြီးရွယ်အိုတွေနဲ့ ဆေးကုသမှု ခံယူဖို့ လိုအပ်နေသူတွေအတွက် အခက်အခဲအများကြီး ဖြစ်ပေါ်လာနိုင်တယ်လို့ ဒီးမော့ဆို PDF သတင်းပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

ခါနာန်ဆေးအဖွဲ့ကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး CDM ဆရာဝန်တွေက တာဝန်ယူပြီး အခမဲ့ ကုပေးနေတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ လူနာဦးရေ ၄,၀၀၀ လောက်ကို ဆေးဝါးကုသပေးနိုင်ခဲ့ပြီး မိုဘိုင်းစနစ်နဲ့ ဆေးကုသပေးရာမှာ တရက်ကို လူနာဦးရေ ၆၀ လောက်အထိ ကုသပေးခဲ့တယ်လို့ ဆိုပါတယ်။

ကရင်နီပြည်နယ်မှာ စစ်ကောင်စီတပ်ဟာ ဆေးဝါးသယ်ဆောင်တာတွေကို စိစစ်တွေ့ရှိရင် သိမ်းဆည်းတာတွေ လုပ်ဆောင်နေတာကြောင့် ဆေးဝါးအလွယ်တကူ သယ်ယူလို့ မရတဲ့ အခက်အခဲနဲ့ ကြုံတွေ့နေရတာပါ။

လတ်တလောမှာတော့ ကရင်နီပြည်နယ်ထဲက စစ်ရှောင်ပြည်သူတွေမှာ ရာသီတုပ်ကွေးနဲ့ ဝမ်းရောဂါတွေကို ခံစားနေရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.