မော်လမြိုင် ၊ ဇူလိုင် (၂၂)

 
အာဏာသိမ်း စစ်ကောင်စီရဲ့ ကုန်သွယ်ရေး ကန့်သတ်ချက်တွေကြောင့် အိန္ဒိယနိုင်ငံကို မတ်ပဲ တင်ပို့ဖို့ အခက်ကြုံနေရတယ်လို့ ပဲနှမ်းကုန်သည်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

 
အိန္ဒိယအစိုးရဟာ မြန်မာနိုင်ငံက မတ်ပဲ တန်ချိန် နှစ်သိန်းခွဲနဲ့ ပဲစင်းငုံ တန်ချိန် တစ်သိန်းတို့ကို ငါးနှစ်ဆက်တိုက် နှစ်စဉ်ဝယ်ယူသွားမှာ ဖြစ်ကြောင်းနဲ့ ပဲတင်သွင်းခွင့်ကို အိန္ဒိယ ဆိပ်ကမ်း ငါးခုကနေ တင်သွင်းခွင့်ပြုမယ်လို့ ပြီးခဲ့တဲ့ ဇူလိုင် ၁၈ ရက်မှာ တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။

 
ဒါပေမယ့် စစ်ကောင်စီဘက်က ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းအမျိုးမျိုးနဲ့ မြေပဲဆံတို့ကို ပြည်ပတင်ပို့ရာမှာ နယ်စပ်လမ်းကြောင်း ဒါမှမဟုတ် ပင်လယ်ရေလမ်းကြောင်းကနေဖြစ်စေ ဇူလိုင် ၁ ရက်နေ့ကစပြီး အမေရိကန်ဒေါ်လာ အသုံးပြု ကုန်သွယ်မှုနည်းလမ်းကိုသာ ပို့ကုန်လိုင်စင် ထုတ်ပေးမယ်လို့ ညွှန်ကြားထားပါတယ်။


ဒါ့အပြင် ပြည်ပတင်ပို့ခွင့်အတွက် မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနဲ့ နှမ်းကုန်သည်များအသင်း ထောက်ခံချက်နဲ့သာ ပို့ကုန်လိုင်စင်ခွင့်ပြုထုတ်ပေးဖို့ ကုန်သွယ်ရေးဦးစီးဌာနကို ညွှန်ကြားထားတယ်လို့ ဆိုထားပါတယ်။


ပဲနှမ်းကုန်သည်တစ်ဦးကတော့ အိန္ဒိယဘက်က ပဲလိုအပ်ချက်ရှိနေချိန်မှာ စစ်ကောင်စီရဲ့ အခုလို ကုန်သွယ်ရေးစနစ် ကန့်သတ်ချက်တွေကြောင့် ပြည်ပတင်ပို့ဖို့အတွက် အခက်အခဲ ရှိနေတယ်လို့ ပြောပါတယ်။


“ဟိုဘက်မှာ ပဲလိုအပ်ချက်ရှိတယ်၊ အိန္ဒိယမှာလည်း ပဲစျေးတွေ တက်တယ်။ဒါပေမယ့် ကျွန်တော်တို့ ပြည်တွင်းစျေးမှာက ကုန်သွယ်ရေးစနစ်ကြီးတစ်ခုကြောင့် မတက်နိုင်ဘူးဖြစ်နေတယ်။နောက်ပြီးတော့ အဲဒီ ‌(ငွေလဲနှုန်း) ၁၈၅၀ က တစ်ခုပေါ့။နောက် ကုန်သွယ်ရေးအခက်အခဲက TT စနစ်ပေါ့၊ ပဲဝယ်မယ့် သူက ငွေကြိုသွင်းရမယ်၊ MIC ဘဏ်ထဲမှာ ငွေသွင်းပြီးမှ ပဲထုတ်လို့ရမယ် ဘာညာဆိုတဲ့ အခါကျတော့ သင်္ဘောတင်စနစ် လုပ်ရမယ်ဆိုတဲ့အခါကျတော့ ဒီစနစ်မျိုးကလည်း ပဲကိုဝယ်ဖို့ကျ ဟိုဘက်က ဝယ်သူက တန် ၁၀၀ ဝယ်ရင် တန် ၁၀၀ ဖိုးလုံး သွင်းပြီးမှ သင်္ဘောတင် ဝယ်ရမယ်ဆိုတော့ ဒီလိုမျိုး စနစ်က တော်ရုံတန်ရုံ မလုပ်ကြဘူးလေ။အရောင်းအဝယ်က စနစ်ရဲ့ အခက်အခဲတွေပေါ့”လို့ သူက ဆိုပါတယ်။


တစ်ဖက်မှာလည်း စစ်ကောင်စီဟာ ပဲမျိုးစုံ၊ပြောင်း၊နှမ်း၊မြေပဲနဲ့ ဆီထွက်သီးနှံတွေကို ဇူလိုင် ၁၄ ရက်နေ့ကစပြီး နယ်စပ်ကနေ တင်ပို့မယ်ဆိုရင် ကြိုတင် ငွေလွှဲစနစ် (TT) အထောက်အထားနဲ့ ပို့ကုန်လိုင်စင် ပူးတွဲပြီး လျှောက်ထားမှသာ တင်ပို့ခွင့်ပြုမယ်လို့ ဆိုပါတယ်။


ဒီလို ကန့်သတ်ချက်တွေကြောင့် ပြည်ပကုန်သည်တွေ ပဲဝယ်ယူမှု နည်းပါးလာပြီးနောက် ကုန်သွယ်မှု နှေးကွေးသွားတယ်လို့ ပဲနှမ်းကုန်သည်တစ်ဦးက ပြောပါတယ်။


“ပဲမမြင်ရဘဲနဲ့ မတွေ့ရဘဲနဲ့ ငွေကြိုသွင်းရမယ်ဆိုတဲ့ စနစ်ကြီးက ငွေကြိုသွင်းရမယ်အခါကျတော့ ဟိုဘက်က ကုန်သည်တွေကလည်း ဒီစနစ်ကို မကြိုက်ကြဘူးလေ။အဲတော့ လာမဝယ်ဘူး။တစ်ဖက်မှာ စျေးတက်ပေမယ့် ကျွန်တော်တို့မှာ ဒီအခက်အခဲတွေကြောင့်မို့ သိပ်ပြီး လာမဝယ်လို့ မရောင်းရဘူးပေါ့ဗျာ။ကုန်သွယ်မှု နှေးကွေးသွားတာပေါ့”လို့ သူက ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီက ပြည်ပတင်ပို့ပြီးရင်လည်း ပို့ကုန်ရငွေ ဘဏ်စလစ် ပြနိုင်မှသာ နောက်တစ်ကြိမ် တင်ပို့ခွင့် ပြုမယ်လို့ ညွှန်ကြားထားတာကြောင့် အချိန်နဲ့တပြေးညီ ကုန်ပစ္စည်းတင်ပို့ဖို့အတွက် ကြန့်ကြာမှုတွေ ဖြစ်ပေါ်လာလို နယ်စပ်ကုန်ပစ္စည်း တင်ပို့မှု ကျဆင်းလာနိုင်တယ်လို့ ကုန်သည်တွေက ဆိုကြပါတယ်။


လက်ရှိမှာ‌တော့ မတ်ပဲ ဈေးနှုန်းဟာ ၂၀ ပိဿာ တစ်တင်းကို ၅၃၀၀၀ ကျပ်အထိ ပေါက်ဈေးရှိနေပေမယ့် ကုန်သည်တွေကတော့ ပြည်ပတင်ပို့ဖို့ အခက်ကြုံနေရတာ ဖြစ်ပါတယ်။


မွန်ပြည်နယ်မှာတော့ နှစ်စဉ် မတ်ပဲ တန်ချိန် သောင်းနဲ့ချီ ထွက်ရှိနေတာ ဖြစ်ပြီး ထွက်ရှိလာတဲ့ မတ်ပဲတွေကိုတော့ အိန္ဒိယနဲ့ ထိုင်းနိုင်ငံတို့ကို အဓိက တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.