ဒူးပလာယာ ၊ ဇူလိုင် (၂၀)

 
ကရင်အမျိုးသားအစည်းအရုံး KNU ဒူးပလာယာခရိုင် တပ်မဟာ ၆ ထိန်းချုပ်နယ်မြေထဲမှာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား ၇၁ ဦး သေဆုံးခဲ့တယ်လို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ယက်(KPSN)က ထုတ်ပြန်ပါတယ်။

 
၂၀၂၁ ခုနှစ်နောက်ပိုင်းကစပြီး ကေအဲန်ယူ-ဒူးပလာယာခရိုင်ထဲက မြန်မာနိုင်ငံရဲ့ အဓိကကုန်သွယ်ရေး လမ်းမကြီးဖြစ်တဲ့ အာရှလမ်းမကြီးတောင်ဘက် ဒေါနတောင်တန်းရဲ့ နှစ်ဘက်စလုံးမှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ကရင်တော်လှန်ရေးတပ်ဖွဲ့တွေအကြား ပြင်းထန်တဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။


အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီရဲ့ ပြင်းထန်တဲ့လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား(၇၁)ဦး သေဆုံးခဲ့ပြီး ဒေသခံပြည်သူ(၈၆၀၀၀) ကျော်ဟာ အိုးအိမ်စွန့်ခွာပြီး ထွက်ပြေးခဲ့ရတယ်လို့ KPSN ရဲ့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။

 
ဒါ့အပြင် ၂၀၂၁ ဒီဇင်ဘာလကနေစပြီး ၂၀၂၂ ဇူလိုင်လအထိ ရှစ်လတာအတွင်း စစ်ကောင်စီတပ်ဟာ လေကြောင်းတိုက်ခိုက်မှုပေါင်း(၂၀၃)ကြိမ်ပြုလုပ်ခဲ့ပြီး အဲဒီဖြစ်စဉ်အတွင်း အရပ်သားတွေ ထိခိုက်သေဆုံးဒဏ်ရာရရှိတာတွေအပြင် နေအိမ်တွေ၊ ကျောင်းတွေ၊ ဘာသာရေးအဆောက်အဦးတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ပျက်စီးစေခဲ့တယ်လို့ KPSN က ဆိုထားပါတယ်။

 
ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေအများစုဟာ ထိုင်းနယ်စပ်တလျှောက်က ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြရပြီး လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ အရေးပေါ်လိုအပ်နေတာပါ။

 
ဒါကြောင့် နိုင်ငံတကာအနေနဲ့ စစ်ကောင်စီအပေါ် ကမ္ဘာလုံးဆိုင်ရာလက်နက်ပိတ်ဆို့ရေးနဲ့ လေယာဉ်ဆီပံ့ပိုးရေးအပေါ် ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ဖို့၊ သဘာဝဓာတ်ငွေ့အပါအဝင် စီးပွားရေးအရေးယူပိတ်ဆို့မှု ချမှတ်ဖို့၊ စစ်အုပ်စုကို ဖွံ့ဖြိုးရေးဆိုင်ရာအကူအညီသစ်တွေ ရပ်ဆိုင်းထားဖို့အပြင် တိုင်းရင်းသားလူမှုဝန်ဆောင်မှုဌာနတွေနဲ့ လူထုအခြေပြုအဖွဲ့အစည်းတွေကနေ တစ်ဆင့် စစ်ရှောင်တွေကို နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှုအကူအညီပေးမှုကို တိုးမြင့်ပေးဖို့ စတဲ့အချက်တွေကို ဖိအားတိုးမြင့်ပေးကြဖို့ KPSN က တောင်းဆိုထားပါတယ်။ 

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.