မော်လမြိုင် ၊ ဇူလိုင် (၂၀)

 
မွန်ပြည်နယ်က နေအိမ်၊ စားသောက်ဆိုင်နဲ့ ဟိုတယ်တွေမှာ အဓိက အသုံးပြုနေတဲ့ ဂက်စ်တွေဟာ ဈေးကွက်အတွင်း လိုသလောက် ဝယ်ယူလို့ မရတာကြောင့် ဆိုင်တချို့မှာ ပြတ်လပ်မှုနဲ့ စတင် ကြုံတွေ့နေရပြီးလို့ ဂက်စ် ရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။


အိမ်သုံး၊ဆိုင်သုံး ဂက်စ်တွေဟာ ပြီးခဲ့တဲ့အပတ်ကစပြီး ဈေးကွက်အတွင်း ပြတ်လပ်လာခဲ့တာ ဖြစ်ပြီး လိုသလောက် ဝယ်ယူရလို့ မရတာကြောင့် ဈေးနှုန်း ဆက်လက်မြင့်တက်လာတာ ဖြစ်ပါတယ်။

 
အိမ်သုံး၊ဆိုင်သုံး ဂက်စ်တွေ ပြတ်လပ်တာကြောင့် ဂက်စ် တစ်ကီလိုကို ကျပ် ၂၅၀၀ ကနေ ၃၀၀၀ ကျော်ထိ ဈေးနှုန်း မြင့်တက်လာသလို  (၄၈)ကီလိုပါ ဗူးကြီး တစ်ဗူးကို ကျပ် ၁၀၀၀၀၀ ကနေ  ၁၃၀၀၀၀ ဝန်းကျင်ထိ ဈေးနှုန်း မြင့်တက်လာတာပါ။


ဒီအခြေအနေနဲ့ ပတ်သက်ပြီး ဂက်စ် ရောင်းဝယ်ရေး လုပ်ငန်းရှင် တစ်ဦးက အခုလိုပဲပြောပါတယ်။

“ ဂက်စ် အခြေအနေက ဘယ်လို ရှိလည်းဆိုတော့ ကျွန်တော်တို့ ဘယ်လိုပြောရမလည်း ဆိုတော့ ထိုင်းဘက်ခြမ်း ကနေ မချပေးသေးဘူးဗျာ ပစ္စည်းတွေလေ အရည် ပြန်မဝင်သေးဘူး၊ နောက်ပြီးတော့ ရန်ကုန်မှာ ဂက်စ် ပြတ်တယ် ဆိုတော့ အဲ့ဒီကနေ စပြီး ရန်ကုန်ကနေကျတော့ မြဝတီမှာ တက်ဝယ်တယ်၊ မြဝတီမှာက အဲ့လိုမျိုး အရည်တွေဘာတွေ ပြတ်တဲ့အထိ ဖြစ်သွားတာပေါ့၊ နောက်ပြီးလို့ ရှိရင်ထိုင်းဘက်ခြမ်းကလည်း လိုင်စင် မူဝါဒတွေ ပြောင်းတာလည်း ပါသွားတာပေါ့၊ အဲ့ဒီမှာ စုံသွားတော့ အခုလို ဖြစ်သွားတာပေါ့၊ အဲ့တော့ ဘယ်လို ဖြစ်လည်း ဆိုတော့ ဈေးကွက်မှာတော့ တချို့ အရည်ရှိတဲ့သူက ဈေးတင်ပြီးတော့ ရောင်းနေတဲ့ သူတော့ ရှိတာပေါ့၊ လောလောဆယ်တော့ အရည်တွေကတော့ လိုသလောက် မရဘူး ဖြစ်နေတာပေါ့ အဲ့လိုမျိုး ဖြစ်နေတာပေါ့၊ တချို့ဆီမှာလည်း ရတယ်၊ တချို့ဆီမှာလည်း မရဘူးပေါ့၊ ရတဲ့ဆီမှာလည်း ဈေးနည်းနည်း များနေတာပေါ့၊ အဲ့လိုမျိုး ဖြစ်နေတယ်”လို့ ဆိုပါတယ်။


အိမ်သုံး၊ဆိုင်သုံး ဂက်စ်တွေ ပြတ်လပ်နေတဲ့အတွက် အရောင်းဆိုင်တချို့ ယာယီပိတ်သိမ်းထားရသလို ဂက်စ် လက်ကျန် နည်းလာတာနဲ့အမျှ ဈေးနှုန်း ဆက်လက် မြင့်တက် လာနိုင်တယ်လို့ သူက ဆိုပါတယ်။


အိမ်သုံး၊ဆိုင်သုံး ဂက်စ်တွေကိုတော့ လျှပ်စစ်မီး အစားထိုး လောင်စာ အဖြစ် အသုံးပြု ကြတာ ဖြစ်ပြီး၊ စားသောက်ဆိုင်နဲ့ ဟိုတယ်တွေမှာ အများဆုံး အသုံးပြုနေတာ ဖြစ်ပါတယ်။

 မွန်ပြည်နယ်အတွင်းမှာ အသုံးပြုနေတဲ့ အိမ်သုံး၊ဆိုင်သုံး ဂက်စ်တွေကိုတော့ ထိုင်းနိုင်ငံကနေ အဓိက တင်သွင်းရောင်းချနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.