ပုလော ၊  ဇူလိုင်(၂၀)

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ နန်းတောင်ကျေးရွာအုပ်စု၊ ပိန္နဲတောင်ကျေးရွာမှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ထိမှန်တာကြောင့် အရပ်သား တစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒီကနေ့ ဇူလိုင် ၁၉ ရက်နေ့ မနက် ၁ နာရီလောက်မှာ ပုလောမြို့နယ် စစ်ကောင်စီ အမှတ်(၂၈၅)တပ်ရင်းဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ဟာ ပိန္နဲတောင်ကျေးရွာထဲကို ကျရောက် ပေါက်ကွဲခဲ့တာကြောင့် ကျေးရွာနေ ကိုဇင်ဝိုင်း ကျည်ထိမှန် သေဆုံးခဲ့တာပါ။

စစ်ကောင်စီတပ်ဟာ ပိန္နဲတောင်ကျေးရွာထဲကို လက်နက်ကြီး ၃ လုံး အကြောင်းမဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပြီး အဲဒီပစ်ခတ်မှုကြောင့် နေအိမ် တစ်လုံး ထိခိုက်ပျက်စီးပြီး အရပ်သား တစ်ဦး သေဆုံးခဲ့သလို တစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၈ ရက်နေ့ကစပြီး ပုလောမြို့နယ် အရှေ့ဖျား ကျေးရွာတွေဖြစ်တဲ့ ကျောင်းနိမ့်၊ မှော်မိ၊ ဂျင့်ဂါ၊ ပိန္နဲတောင်ကျေးရွာတွေကို လက်နက်ကြီး နေ့စဉ်နဲ့အမျှ ပစ်ခတ်နေတာကြောင့် ဒေသခံပြည်သူတချို့ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ပုလောမြို့နယ်ထဲမှာ အခုဇူလိုင်လအတွင်း စစ်ကောင်စီတပ်တွေနဲ့ ဒေသပြည်သူ့ကာကွယ်ရေး အဖွဲ့တွေ တိုက်ပွဲပြင်းထန်နေပြီး နှစ်ဖက်ထိခိုက်သေဆုံးတာတွေရှိနေသလို စစ်ကောင်စီဘက်က လက်နက်ကြီးတွေ ပစ်ခတ်တာကြောင့် အရပ်သားသေဆုံးမှုတွေလည်း ရှိလာခဲ့တာပါ။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.