မော်လမြိုင် ၊  ဇူလိုင်(၂၀)

မြန်မာနိုင်ငံမှာ ဇူလိုင်လ ၁ ရက်နေ့ကနေ ၁၈ ရက်နေ့ထိ ကိုဗစ်ရောဂါပိုး ကူးစက်ခံရသူ ၂၀၀  ကျော်ထိ ရှိလာတယ်လို့ စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ရောဂါပိုး ကူးစက်ခံရသူအများစုဟာ ပြည်ပနိုင်ငံတွေကနေ ပြည်တွင်းကို လေကြောင်းလိုင်းနဲ့ နယ်စပ်ဂိတ်တွေကနေ ပြန်လည်ဝင်ရောက်လာကြတဲ့ မြန်မာနိုင်ငံသားတွေပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်ပနိုင်ငံတွေက ပြန်လည် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကိုတော့ သက်ဆိုင်ရာ ကွာရန်တင်းစင်တာတွေမှာ စောင့်ကြည့်ကုသပေးနေတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ဆိုထားပါတယ်။

စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဇူလိုင် ၁၈ ရက်နေ့ တစ်ရက်တည်း ကိုဗစ်ရောဂါပိုး တွေ့ရှိသူ ၂၂ ဦးထိ ရှိလာခဲ့တာပါ။

ကိုဗစ်ရောဂါပိုး ကူးစက်ခံရသူတွေထဲမှာ ပြီးခဲ့တဲ့ ဇူလိုင် ၁၂ ရက်နေ့က အိုမီခရွန်ရဲ့ မျိုးရိုးဗီဇပြောင်းရောဂါပိုးတွေဖြစ်တဲ့ BA.4 နဲ့ BA.5 တို့ကို တွေ့ရှိခဲ့ပါတယ်။

စစ်ကောာင်စီ ကျန်းမာရေးဝန်ကြီးဌာနကတော့ ကိုဗစ်ရောဂါပိုး အိုမီခရွန်နဲ့ သူ့ရဲ့မျိုးစိတ်အသစ်တွေကို ကိုဗစ်ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံတာနဲ့ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံမှုတွေက ထိရောက်စွာ ကာကွယ်နိုင်တယ်လို့ ဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ အိုမီခရွန် မျိုးရိုးဗီဇပြောင်း ရောဂါပိုး တွေ့ရှိထားတဲ့အတွက် ပြည်သူတွေအနေနဲ့ မဖြစ်မနေ Mask တပ်ပေးကြဖိုနဲ့ ကိုဗစ်ကာကွယ်ဆေးမထိုးရသေးတဲ့ ပြည်သူတွေအနေနဲ့ ကာကွယ်ဆေးထိုးနှံကြဖို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.