မော်လမြိုင် ၊ ဇူလိုင် (၂၀)

 
စစ်ကောင်စီရဲ့ ဒေါ်လာငွေ ကန့်သတ်ချက်ကြောင့် ပြည်ပကနေ တင်သွင်းနေရတဲ့ သွင်းကုန်ပစ္စည်းတွေ အပါအဝင် ကုန်ပစ္စည်း ဈေးနှုန်း အဆမတန် မြင့်တက်လာနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။


စစ်ကောင်စီဟာ ပြည်တွင်းနေထိုင်သူတွေအနေနဲ့ ပြည်ပက ရယူထားတဲ့ ချေးငွေတွေကို အတိုးရော အရင်းပါ ပြန်ဆပ်ဖို့ ဆိုင်းငံ့ ခိုင်းတဲ့အပြင် နိုင်ငံခြားသား ရှယ်ယာ (၃၅) ရာခိုင်နှုန်း ပါဝင်တဲ့ မြန်မာကုမ္ပဏီတွေကိုလည်း နိုင်ငံခြားငွေကနေ မြန်မာကျပ်ငွေ လဲလှယ်ကြဖို့ ဇူလိုင် ဒုတိယအပတ်အတွင်း ညွှန်ကြားလာတာပါ။

 
ဒေါ်လာ‌ငွေ ကန့်သတ်ချက်တွေကြောင့် ပြင်ပဒေါ်လာဈေးကွက်မှာ တစ်‌ဒေါ်လာကို ကျပ် ၂၄၀၀ ထိ ဈေးနှုန်း ခုန်တက်လာတဲ့အတွက် ကုန်ပစ္စည်း ဈေးနှုန်း ဆက်လက် မြင့်တက်လာနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။


စစ်ကောင်စီရဲ့ ဒေါ်လာ‌ငွေ ကန့်သတ်ချက်တွေကြောင့် ဒေါ်လာနဲ့ ဝယ်ယူနေရတဲ့ သွင်းကုန်ပစ္စည်းတွေ ဈေးနှုန်း ဆက်လက် မြင့်တက်လာနိုင်ပြီး အခြေအနေ ပိုဆိုးသွားနိုင်တယ်လို့ စီးပွားရေးပညာရှင်တစ်ဦးက ပြောပါတယ်။

 
“ဒါလည်းပဲ အစိုးရ ဒေါ်လာလိုက်သိမ်းတဲ့ ကိစ္စပါတာပေါ့‌။အဲဒါကြောင့်မို့ ‌ဒေါ်လာစျေးက အပြင်မှာ တက်နေတယ်။တက်နေတဲ့အခါကျတော့ ဒေါ်လာနဲ့ ဝယ်ရတဲ့ ကုန်ပစ္စည်းတွေလည်းပဲ စျေးတက်မှာပေါ့။ တစ်ခြားကုန်ပစ္စည်းတွေလည်းပဲ အဲဒါနဲ့ အကြောင်းနွယ်ပြီးတော့ တက်မှာပေါ့။အဲဒီတော့ ပြည်တွင်းမှာက ကုန်စျေးနှုန်းတွေက ပိုပြီးတော့ တက်လာလိမ့်မယ်။အခြေအနေပိုဆိုးသွားနိုင်စရာ ရှိတယ်”သူက သုံးသပ်ပါတယ်။

 
ဒေါ်လာငွေ ကန့်သတ်ချက်ကြောင့် ပြည်ပကနေ ဒေါ်လာနဲ့ ဝယ်ယူနေရတဲ့ ဆေးဝါးပစ္စည်းတွေ၊ အီလက်ထရောနစ်ပစ္စည်းတွေအပါအဝင် အခြားသော လူသုံးကုန်ပစ္စည်းတွေဟာ ဈေးနှုန်း ဆက်လက် မြင့်တက်လာနိုင်သလို နောက်ဆက်တွဲအနေနဲ့ ပြည်တွင်း ကုန်ပစ္စည်းတွေပါ ဈေးနှုန်း မြင့်လာမယ့် အခြေအနေနဲ့ ကြုံနေရတာပါ။


စီးပွားရေးလုပ်ငန်းရှင် တစ်ဦးကတော့ စစ်ကောင်စီရဲ့ ဒေါ်လာငွေ ကန့််သတ်ချက်ကြောင့် စီးပွားရေးလုပ်ငန်းတွေ လုပ်ရကိုင်ရ ပိုမို ကြပ်တည်းလာတယ်လို့ ပြောပါတယ်။

 
“နိုင်ငံတော်အဆင့်က သူတို့ဘယ်လို စီမံခန့်ခွဲနေလဲ ကျွန်တော်တို့လဲ လိုက်မမီဘူး။ဒါပေမယ့် စီမံခန့်ခွဲမှုတွေက အမှန်လား အလွဲလားဆိုတာ မသိ။ဒါပေမယ့်် လက်ရှိမှာတော့ ငွေရေးကြေးရေး ဆိုင်ရာတွေက နည်းနည်း ကမောက်ကမ ဖြစ်နေတာတော့ အသေအချာပဲလေ။ ဒီထက်ပိုပြီး ကောင်းလာမလား၊ ဆိုးလာမလားဆိုတာတော့ ပြောလို့ မရဘူး၊ အခြေအနေတွေက။ဒါပေမယ့် ငွေရေးကြေးရေးဆိုင်ရာ အရောင်းအဝယ်ဆိုင်ရာ တစ်ဖြည်းဖြည်း ပိုပြီး လုပ်ရ ကိုင်ရ ကြပ်လာတာတော့ ရှိတယ်” လို့ သူက သံလွင်တိုင်းမ်ကို ပြောပါတယ်။

 
စီးပွားရေးပညာရှင်တွေကတော့ ဒေါ်လာငွေ ထိန်းချုပ်မှုဟာ တိုင်းပြည်ရဲ့စီးပွားရေး ပိုမို ဆုတ်ယုတ်လာနိုင်တာကြောင့် အထူးသတိထားပြီး ဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။

ကမ္ဘာ့ဘဏ်ကတော့ စစ်တပ် အာဏာသိမ်းတဲ့ ၂၀၂၂ ခုနှစ်အတွင်း မရေရာ မသေချာမှုတွေ များနေတဲ့အတွက်ကြောင့် မြန်မာစီးပွားရေးကို ခန့်မှန်းတွက်ချက်ခြင်း မရှိဘဲ ချန်လှပ်ထားပါတယ်။


စစ်ကောင်စီရဲ့ ဒေါ်လာငွေ ကန့်သတ်ချက်တွေကြောင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ ထွက်ခွာလာနိုင်သလို ပြည်တွင်း စီးပွားရေးလုပ်ငန်းတွေလည်း ဆက်လက် လည်ပတ်ဖို့ ခက်ခဲလာနိုင်ကြောင့်  အခြေခံလူတန်းစာ‌တွေ အကြပ်အတည်းနဲ့ ပိုမို ရင်ဆိုင်လာရနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေက သုံးသပ်ထားပါတယ်။ 

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.