ရေဖြူ ၊ ဇူလိုင် (၁၅)

 
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ အရှေ့ဘက်ကမ်း နဝဒေးလမ်းရှိ စစ်ဖက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့(စရဖရုံး) ဗုံးခွဲတိုက်ခိုက်ခံရတာကြောင့် အဆောက်အဦး တစ်ခုလုံး ပြိုကျပျက်စီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။


အဲဒီစရဖရုံးကို ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်နေ့ ည ၁၀ နာရီလောက်မှာ အမည်မသိ အဖွဲ့အစည်းတစ်ခု ဗုံးထောင်ဖောက်ခွဲခဲ့တာ ဖြစ်ပြီး ဗုံးဖောက်ခွဲခံရတာကြောင့် အဆောက်အဦး တစ်ခုလုံး ပြိုကျပျက်စီးသွားခဲ့တာပါ။


ဒေသခံတွေအဆိုအရ ဗုံးခွဲတိုက်ခိုက်ခံရပြီးနောက် သေနတ်သံတွေ ဆက်တိုက် ထွက်ပေါ်လာပေမယ့် ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ ပြောပါတယ်။ စစ်ကောင်စီ စရဖရုံးမှာ နေ့လယ်အချိန်တွေ လူရှိတာ တွေ့ရပေမယ့် ညပိုင်းအချိန်တွေမှာတာ့ လူနေထိုင်တာ မတွေ့ရဘူးလို့ ဆိုပါတယ်။

 
စရဖရုံးဖောက်ခွဲခံရပြီးနောက် ရေဖြူအနောက်ဘက်ကမ်းကနေ စစ်ကူလာတဲ့ စစ်ကောင်စီကား ၃ စီး ရေဖြူ တံတားအနီးမှာ မိုင်းဆွဲတိုက်ခိုက်ရတာကြောင့် ကား ၂ စီး ထိခိုက်ပျက်စီးသွားပြီး လူထိခိုက်မှု အခြေအနေကိုတော့ မသိရသေးဘူးလို့ ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။


ရေဖြူမြို့နယ် စရဖရုံး ဗုံးဖောက်ခွဲမှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့လဲဆိုတာ ထုတ်ပြန်တာ မရှိသေးပါဘူး။

 ရေဖြူမြို့နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီဌာနဆိုင်ရာရုံးတချို့ ဗုံးခွဲခံခဲ့ရပေမယ့် အခုဖောက်ခွဲမှုမှာတော့ အဆောက်အဦး တစ်ခုလုံး ပြိုကျပျက်စီးခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.