ရန်ကုန် ၊ ဇူလိုင် (၁၅)
နိုင်ငံတဝန်းမှာ စစ်တပ် အာဏာသိမ်းတဲ့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီကနေ အခုနှစ်မေလထိ ၁၆ လတာကာလအတွင်း မြေမြုပ်မိုင်းနဲ့ စစ်လက်ကျန်ပစ္စည်း ပေါက်ကွဲမှုတွေကြောင့် အရပ်သား ၁၀၀ ကျော် သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ထုတ်ပြန်ပါတယ်။
ယူဆီဆက်မြန်မာရဲ့ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ပစ္စည်းဖြစ်ရပ်တွေကို စောင့်ကြည့်လေ့လာချက်တွေအရ အဲဒီ ၁၆ လတာ ကာလအတွင်းမှာ ပေါက်ကွဲမှုဖြစ်ရပ်ပေါင်း ၂၄၄ ကြိမ် ဖြစ်ပွားခဲ့ပြီး အရပ်သားပြည်သူ ၁၁၉ သေဆုံးခဲ့ကာ ဒဏ်ရာရသူ ၃၀၉ ဦးရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒေသတွေအနေနဲ့ ရှမ်းပြည်နယ်မှာ အများဆုံးဖြစ်ပွားခဲ့ပြီး ကချင်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့မှာလည်း ပေါက်ကွဲမှုဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ပါတယ်။
ယူဆီဆက်မြန်မာရဲ့ အစီရင်ခံစာအရ စစ်တပ် အာဏာသိမ်းတဲ့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီကနေ ဒီဇင်ဘာလအထိ မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကြောင့် အရပ်သားပြည်သူ ၈၆ ဦး သေဆုံးခဲ့သလို ဒဏ်ရာရသူ ၁၈၀ ဦး ရှိခဲ့တာပါ။
ဒါ့အပြင် အခုနှစ်ဇန်နဝါရီကနေ မေလအထိ ငါးလတာကာလအတွင်း ပေါက်ကွဲမှုတွေကြောင့် အရပ်သား ၃၃ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၁၂၉ ဦးရှိခဲ့တယ်လို့ ဆိုထားပါတယ်။
ယူဆီဆက်မြန်မာကတော့ စစ်တပ် အာဏာသိမ်းတဲ့ပြီးနောက် မြေမြုပ်မိုင်းနဲ့ စစ်လက်ကျန်ပစ္စည်း ပေါက်ကွဲမှုတွေကြောင့် အရပ်သားပြည်သူ သေဆုံးမှု သိသိသာသာ မြင့်တက်လာတယ်လို့ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်