ကျောက်ကြီး ၊ ဇူလိုင် (၁၅)


ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေ ကျောက်ကြီးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က ကရင်လူငယ်(၂၃)ဦးကို ဖမ်းဆီးပြီးနောက် လက်ပြန်ကြိုးတုပ်ကာ လမ်းမပေါ်မှာ တနေ့လုံး ရိုက်နှက်ညှဉ်းပန်းနှိပ်စက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။

 
ကေအဲန်ယူ-ညောင်လေးပင်ခရိုင် တပ်မဟာ ၃ နယ်မြေဖြစ်တဲ့ ကျောက်ကြီးမြို့နယ် ဒေါင်းမို့ကျေးရွာအုပ်စုရှိ အလယ်စုကျေးရွာနဲ့ ဝါးပင်စုကျေးရွာထဲကို ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်နေ့က စစ်ကောင်စီ ခမရ(၅၉၉)နဲ့ ပူးပေါင်းတပ်တွေ ဝင်ရောက်လာပြီးနောက် ကျေးရွာနေပြည်သူလူထုတွေကို ဖမ်းဆီးခဲ့တာပါ။

 
ဖမ်းဆီးထားတဲ့ ကျေးရွာပြည်သူလူထုတွေထဲမှာ ဗမာလူမျိုးတွေကို လက်ပြန်ကြိုးတုတ် ရိုက်နှက်ညှဉ်းပန်းနှိပ်စက်တာတွေ တစ်စုံတစ်ရာမျှ ပြုလုပ်ခြင်းမရှိဘဲ ကရင်လူမျိုးတွေကိုသာ လက်ပြန်ကြိုးတုတ်ပြီး လမ်းမပေါ်မှာ တနေ့ကုန် ရိုက်နှက်ညှဉ်းပန်းနှိပ်စက်ခဲ့တယ်လို့ ကေအဲန်ယူရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


စစ်ကောင်စီက  လက်ပြန်ကြိုးတုပ်ပြီး ရိုက်နှက်ညှဉ်းပန်းနှိပ်စက်ထားတဲ့ ကရင်လူငယ်တွေကို လက်ရှိအချိန်ထိ ပြန်မလွှတ်ပေးသေးတဲ့အတွက် မိသားစုဝင်တွေ စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်နေတယ်လို့ ညောင်လေးပင်ခရိုင် ဒေသခံကရင်အရပ်ဘက် လူမှုရေးရာအဖွဲ့ဝင်တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။


“ မိန်းကလေးတွေကိုတော့ သူတို့ မခေါ်ဘူး။ ယောင်္ကျားလေးတွေကိုတော့ လက်ပြန်ကြိုးတုပ်ပြီး ရိုက်နှက်တယ်ပေါ့နော် ။ စခန်းချတဲ့ ရွာမှာပဲ ရှိနေတယ်လို့ ပြောတယ်။ ထမင်းလည်း မကျွေးဘူး နှစ်ရက်ရှိပြီး ။ ဗမာတွေကိုတော့ ပြန်လွှတ်ပေးထားပြီး ကရင်လူလတ်ပိုင်းတွေကိုတော့ ဖမ်းထားတုန်းပဲ” လို့ ဆိုပါတယ်။


စစ်ကောင်စီတပ်ဟာ ကျေးရွာနေပြည်သူလူထုကို ဖမ်းဆီးတဲ့အပြင် ပြည်သူလူထုရဲ့နေအိမ်ကို ဝင်ရောက်မွှေနှောက်ခဲ့ပြီး တန်ဖိုးရှိ ပစ္စည်းဥစ္စာတွေကိုလည်း အတင်းအဓမ္မယူဆောင်သွားခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။


စစ်ကောင်စီတပ်ဟာ အရပ်သားပြည်သူတွေအပေါ် ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုအကာအကွယ်ယူတဲ့အပြင် ဇူလိုင် ၁၄ ရက်နေ့ မနက်ပိုင်းကစပြီး ကျောက်ကြီးမြို့နယ်ထဲမှာ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။


ကေအဲန်ယူ-ညောင်လေးပင်ခရိုင် တပ်မဟာ ၃ နယ်မြေ ကျောက်ကြီးမြို့နယ်နဲ့ မုန်းမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ရဲ့ နယ်မြေကျူးကျော်ဝင်ရောက်ပြီး စစ်ရေးလုပ်ဆောင်နေတဲ့အတွက်ကြောင့် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA တပ်မဟာ ၃ နဲ့ ထိတွေ့တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာဖြစ်ပါတယ်။


စစ်ကောင်စီတပ်ဟာ တိုက်ပွဲတွေအတွင်း အရပ်သားပြည်သူတွေရဲ့ ကျေးရွာ၊ နေအိမ်တွေအပေါ်ကို လက်နက်ကြီးတွေနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်တာ၊ လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်လျက်ရှိနေပြီး တိုင်းပြည်ရဲ့ တနံတလျား နယ်မြေ အဝန်းအဝိုင်းအားလုံးကို ရက်စက်မှု၊ သတ်ဖြတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှုတို့ဖြင့် နိုင်ငံအဆင့်အကြမ်းဖက်ပေါ်လစီကို ချမှတ်ကာ လုပ်ဆောင်နေတယ်လို့ KNU က ဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.