မော်လမြိုင် ၊ ဇူလိုင် (၁၄)

 
မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွေ ဖြစ်တဲ့ မွန်ပြည်နယ်၊ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးတို့မှာ ပြီးခဲ့တဲ့ ဇွန်လအတွင်း စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေက အရပ်သားပြည်သူ ၂၀ နီးပါးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းရဲ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

 
မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းရဲ့ အစီရင်ခံစာအရ ဇွန်လအတွင်း စစ်ကောင်စီတပ်ဟာ အရပ်သားပြည်သူ ၁၉  ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့သလို အပြစ်မဲ့ပြည်သူ ၉၀ ဦးကိုလည်း မတရားဖမ်းဆီးချုပ်နှောင်ခဲ့တယ်လို့ ဆိုထားပါတယ်။

 
အာဏာသိမ်း စစ်အုပ်စုရဲ့ စစ်ရေးဝင်ရောက်လှုပ်ရှားတာ၊ ထိုးစစ်ဆင်တာနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက် နေတာကြောင့် နေရပ်ကနေ အတင်းအဓမ္မ စွန့်ခွာထွက်ပြေးရသူ ၃၃၀၀ ကျော်ထိ ရှိလာခဲ့တယ်လို့ အဲအစီရင်ခံစာမှာ ဖော်ပြပါရှိပါတယ်။

 
ဇွန်လအတွင်း မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ စစ်ကောင်စီက ဒီမိုကရေစီအရေး လှုပ်ရှားတယ်ဆိုတဲ့ အကြောင်းပြန်ချက်နဲ့ ကျန်းမာရေးလုပ်သား၂၀ ဦးကိုလည်း အလုပ်ထုတ်ပစ်ခဲ့သလို ဖမ်းဝရမ်းမပါဘဲ အရပ်သားတွေအပေါ် တရားမဝင် ဖမ်းဆီးမှုတွေလည်း ဆက်လက် ရှိနေတယ်လို့ ဆိုထားပါတယ်။

 
စစ်အုပ်စုက ကျောထောက်နောက်ခံပြုထားပြီး တိုးများလာနေတဲ့ အရပ်ဝတ် လုံခြုံရေးအရာရှိတွေက နှောက်ယှက်စော်ကားတဲ့ နည်းနာတွေကို အသုံးပြုပြီး အရပ်သားတွေဆီကနေ ငွေနဲ့ ပိုင်ဆိုင်မှုတွေကို ခြိမ်းခြောက် ညှစ်ယူနေတယ်လို့ ထုတ်ပြန်ထားပါတယ်။  


ဒါ့အပြင် ဝရမ်းမဲ့ စီးနင်းဝင်ရောက်တာ၊အရပ်သားဧရိယာတွေကို သတ်မှတ်ချက်မထားဘဲ ရမ်းသန်းပစ်ခတ်မှုတို့ကြောင့် စစ်အုပ်စုရဲ့ ဥပဒေမဲ့ ဖမ်းဆီးမှုတွေနဲ့ ဥပဒေမဲ့ ထိန်းသိမ်းမှုတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ အဲဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.