မော်လမြိုင် ၊ ဇူလိုင် (၁၄)

 
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ဒေါင်းဇရပ်ရပ်ကွက်မှာ ရပ်ကွက်အတွင်း ကိုဗစ်ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးနောက် အမျိုးသား တစ်ဦး သေဆုံးမှု ဖြစ်ပေါ်ခဲ့တယ်လို့ ရပ်ကွက်နေ ပြည်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

 
အသက် ၃၆ နှစ်အရွယ် အမျိုးသား တစ်ဦးဟာ ပြီးခဲ့တဲ့ ဇူလိုင် ၆ ရက်နေ့က ရပ်ကွက်အတွင်း ထိုးပေးနေတဲ့ ကိုဗစ်ရောဂါကာကွယ်ဆေး ထိုးနှံပြီးနောက် ဇူလိုင် ၇ ရက်နေ့မှာ သေဆုံးသွားခဲ့တာပါ။


သေဆုံးသွားတဲ့ အမျိုးသားဟာ မော်လမြိုင်-မြဝတီ ကားမောင်း နေသူ ဖြစ်ပြီး ရောဂါ အခံမရှိသလို ကိုဗစ်ကာကွယ်ဆေး ထိုးပြီးနောက် မောတယ်လို့ ပြောဆိုပြီး နေအိမ်ပြန် အနားယူစဉ် သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ဒီအခြေအနေနဲ့ ပတ်သက်ပြီး ရပ်ကွက်နေ ပြည်သူ တစ်ဦးက အခုလိုပဲ ပြောပါတယ်။

“သူက ကိုဗစ် ဆေးထိုးပြီးတော့ သေသွားတယ်၊ သူမှာ ဘာရောဂါ အခံမှ မရှိဘူးလေ၊ ဒီလူက သူမှာ ဘာရောဂါ အခံမှ မရှိတော့ ဒီလူက မြဝတီကား မောင်းတယ်၊ မြဝတီကား မောင်းတော့ သူက ညနေလို ကမန်းကတန်း ပြန်လာတယ် ဆေးထိုးရမယ် ဆိုပြီးတော့၊ နေ့ခင်မှာ ကမန်းကတန်း ပြန်လာပြီးတော့ ဆေးထိုးလိုက်တယ်၊ ထိုးပြီးတော့ မောတယ်ဆိုပြီးတော့ အိမ်ပြန်သွားတယ်၊ အိမ်ပြန် အိပ်နေပြီးတော့ မနက်လိုကျတော့ သေသွားရော၊ ဘာရောဂါ လက္ခဏာမှ ဘာတစ်ခုမှ မရှိဘူး”လို့ ဆိုပါတယ်။

 
ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီး သေဆုံးသွားတဲ့ အမျိုးသားကို စစ်ကောင်စီ လက်အောက်ခံ ဆရာဝန်တွေက ကိုဗစ်သံသယ လူနာလို့သာ ပြောဆိုတာ ရှိပြီး ဘာရောဂါနဲ့ သေဆုံးသွားလည်း ဆိုတာကိုတော့ တိတိကျကျ ပြောဆိုတာ မရှိဘူးလို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။


ဒီအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီ လက်အောက်ခံ မွန်ပြည်နယ် ကျန်းမာရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာနန္ဒဝင်းကို သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လူကိုယ်တိုင် လာရောက် တွေ့ဆုံမှ ဖြေကြားပေးမယ်လို့ ပြောဆိုခဲ့ပါတယ်။

 
မွန်ပြည်နယ်တဝန်းမှာတော့ ကိုဗစ်ကာကွယ်ဆေး ထိုးနှံစဉ် ဖျားနာတာ၊ ကိုက်ခဲတာနဲ့ မူးဝေမှု တချို့သာ ရှိခဲ့ပေမယ့် အခုလို လူသေဆုံးမှု ဖြစ်ပေါ်ခဲ့တာ ပထမဦးဆုံးအကြိမ် ဖြစ်ပါတယ်။


စစ်ကောင်စီကတော့ လက်ရှိမှာတော့ ကိုဗစ်ကာကွယ်ဆေး ဖြစ်တဲ့ (Sinopharn)ကို အသက်(၅)နှစ်ကနေ (၁၂)နှစ်အရွယ် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူတွေကို ဆက်လက် ထိုးနှံပေးနေသလို ရပ်ကွက်တွေအတွင်းမှာလည်း ကိုဗစ် ကာကွယ်ဆေး မထိုးရသေးသူတွေကို ဆက်လက် ထိုးနှံပေးနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.