ဒီးမော့ဆို ၊ ဇူလိုင် (၁၄)


ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ မြို့မရဲစခန်းကို ရိက္ခာလာပို့တဲ့ စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခိုက် ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးသွားတယ်လို့ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သံလွင်တိုင်းမ်ကို ပြောပါတယ်။


ပြီးခဲ့တဲ့ ဇူလိုင် ၁၂ ရက်နေ့ မနက်ပိုင်းက ဒီးမော့ဆိုမြို့မရဲစခန်းကို Hijet အဖြူရောင်ကား (၂) စီး အသုံးပြုပြီး ရိက္ခာလာပို့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့နဲ့  NUG လက်အောက်ခံ အလယ်ပိုင်းတိုင်း တပ်ရင်း (၁၁၀၂)တို့က ကြားဖြတ်တိုက်ခိုက် ခဲ့တာပါ။


ကြားဖြတ်တိုက်ခိုက်မှုကြောင့် မိနစ် ၃၀ နီးပါးကြာ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပေါ်ခဲ့ပြီး အဲဒီပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ပါတယ်။

 
ရိက္ခာလာပို့တဲ့ စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် ဒီးမော့ဆိုမြို့မရဲစခန်းထဲကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ကူပေးခဲ့သလို ရဟတ်ယာဉ်တစ်စီးနဲ့လည်း ကင်းထောက်လှမ်းတာတွေ ပြုလုပ်ခဲ့ပါတယ်။


ကယားပြည်နယ်အတွင်းက စစ်ကောင်စီတပ်စခန်းတွေနဲ့ ရဲစခန်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပူးပေါင်းအဖွဲ့တွေက  ရိက္ခာဖြတ်တောက်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပြီး ရိက္ခလာပို့တဲ့ စစ်ကောင်စီယာဉ်တန်းတွေကိုလည်း မကြာခဏဆိုသလို ကြားဖြတ်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.