မော်လမြိုင် ၊ ဇူလိုင် (၁၃)

 
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရက်စ်မျိုးကွဲ အိုမီခရွန်ရဲ့ မျိုးရိုးဗီဇပြောင်း ရောဂါပိုး BA.4 နဲ့ BA.5 တို့ကို တွေ့ရှိထားတာကြောင့် ပြည်သူတွေအနေနဲ့ မဖြစ်မနေ Mask ပြန်တပ်ပေးကြဖို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက တိုက်တွန်းလိုက်ပါတယ်။


စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးဝန်ကြီဌာနဟာ ပြီးခဲ့တဲ့ ဇွန် ၃၀ ရက်နေ့က မျိုးရိုးဗီဇပြောင်းရောဂါပိုး တွေ့ရှိနိုင်တဲ့ သံသယဖြစ်ဖွယ် ဓာတ်ခွဲနမူနာ ၁၆ ခုကို စစ်ဆေးကြည့်ရာမှာ အိုမီခရွန်ရဲ့ မျိုးရိုးဗီဇပြောင်းရောဂါပိုးတွေဖြစ်တဲ့ BA.4 နဲ့ BA.5 တို့ကို တွေ့ရှိခဲ့တယ်လို့ ဇူလိုင် ၁၂ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။


အဲဒီ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုး တွေ့ရှိသူ ၆ ဦးစလုံးဟာ ပြည်ပနိုင်ငံတွေကနေ ပြန်လည်ရောက်ရှိလာတဲ့ မြန်မာနိုင်ငံသားတွေ ဖြစ်ပြီး သူတို့ကို ရောဂါပိုး တွေ့ရှိပြီးနောက် သတ်မှတ်ရက်အတိုင်း သီးခြားထားရှိ ကုသပေးခဲ့တယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 
မြန်မာနိုင်ငံမှာ အိုမီခရွန် မျိုးရိုးဗီဇပြောင်း ရောဂါပိုး တွေ့ရှိထားတာကြောင့် ပြည်သူတွေအနေနဲ့ မဖြစ်မနေ Mask တပ်ပေးကြဖိုနဲ့ ကိုဗစ်ကာကွယ်ဆေးမထိုးရသေးတဲ့ ပြည်သူတွေအနေနဲ့ ကာကွယ်ဆေးထိုးနှံကြဖို့ မွန်ပြည်နယ် ကျန်းမာရေးဦးစီးဌာန ပြည်နယ် ဦးစီးမှူး ဒေါက်တာနန္ဒဝင်းက တိုက်တွန်းပါတယ်။


“ ပြည်သူလူထုက ထုံးစံအတိုင်း mask တပ်မယ် ၊ လက်ဆေးမယ် ၊ လူစုလူဝေး ရှောင်ရမယ်ပေါ့။ ကာကွယ်ဆေးထိုးရမယ်ပေါ့ ၊ ၆ လပြည့်ရင် booster ထိုးရမယ် ။ ကိုယ့်ကို နေမကောင်းဖြစ်တယ်ထင်ရင် အခြားသူနဲ့ မထိတွေ့နဲ့ပေါ့” လို့ ဆိုပါတယ်။


စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ အခုဇူလိုင်လအတွင်း အိုမီခရွန်ရဲ့ မျိုးရိုးဗီဇပြောင်း ရောဂါပိုးအပြင် ကိုဗစ်ရောဂါပိုးတွေ့ရှိထားသူ ၁၃၀ ကျော်ထိ ရှိလာပြီး အဲဒီထဲက ၁၀၀ ကျော်ဟာ ပြည်ပနိုင်ငံတွေကနေ ပြန်လည်ဝင်ရောက်လာသူတွေ ဖြစ်ကြတယ်လို့ ထုတ်ပြန်ပါတယ်။ 

 ပြည်ပနိုင်ငံတွေက ပြန်လည် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကိုတော့ သက်ဆိုင်ရာ ကွာရန်တင်းစင်တာတွေမှာ စောင့်ကြည့်ကုသပေးနေတယ်လို့ ဆိုထားပါတယ်။


လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးကတော့ ပြည်ပနိုင်ငံတွေကနေ တရားဝင်လမ်းကြောင်းနဲ့ ပြန်လည် ဝင်ရောက်လာသူတွေကိုသာ ကွာရန်တင်း ဝင်ခိုင်းတာ ရှိပေမယ့် တရားမဝင် ဝင်ရောက်လာသူတွေလည်း ရှိတာကြောင့် ရောဂါပိုးကူးစက်နိုင်တဲ့ အနေအထားတွေ ရှိတယ်လို့ ပြောပါတယ်။

 
“ခိုးလမ်းမဟုတ်ဘဲ ပုံမှန်လမ်းကနေ ပြန်လာသူမှန်သမျှတော့ အကုန်လုံး Q (အသွားအလာကန့်သတ်) ဝင်ရတယ်။ မြဝတီမှာဆိုရင် ပြန်ရောက်တာနဲ့ စစ်တယ်၊ Q  ဝင်တယ်။ပြီးရင် ဒီမှာဆို Isolation 3(သီးခြားထားတဲ့နေရာ) မော်လမြိုင်မှာဆို Q စခန်းဖွင့်ထားတယ်၊ ကျွန်တော်တို့ အဲဒီကို ပို့တယ်။ တရားဝင်ပြန်လာတဲ့သူတွေအတွက် မစိုးရိမ်ရဘူး။အဓိက ခိုးပြန်ဝင်လာမယ့် သူတွေအတွက်က စိုးရိမ်စရာရှိတယ်။အရင်တုန်းကလည်း ဒီလိုပဲ ခိုးဝင်လာတဲ့သူကနေ ကူးစက်မှုတွေ စတင်တာပဲ‌လေ။ခိုးဝင်လာတဲ့သူတွေကပဲ ကူးစက်မှုက ပိုပြီး ဖြစ်နိုင်ချေများလာမယ့် အနေအထားမျိုးရှိတယ်”လို့ သူက ဆိုပါတယ်။

 
စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနကတော့ နိုင်ငံတကာလေ့လာတွေ့ရှိချက်တွေအရ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုးဟာ ကိုဗစ်ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးစီးသူတွေမှာ ရောဂါလက္ခဏာ ပြင်းထန်မှုနဲ့ သေဆုံးမှု လျော့နည်းတာ တွေ့ရှိရတယ်လို့ ထုတ်ပြန်ထားတာပါ။

 
မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီးနောက် ကျန်းမာရေးယန္တရားပြိုကျခဲ့တဲ့တာကြောင့် ပြီးခဲ့တဲ့ ကိုဗစ်တတိယလှိုင်း ကာလအတွင်း ကိုဗစ်ရောဂါပိုး ကူးစက်ခံရသူ ၁၀၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကိုဗစ်အရေးကူညီနေသူတွေ အဆိုအရ ကိုဗစ်ရောဂါကြောင့် သေဆုံးသူတွေဟာ စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ အချက်အလက်ထက် မြေပြင်မှာ အများကြီး ပိုနိုင်တယ်လို့ ဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.