ဘီးလင်း ၊ ဇူလိုင် (၁၃)

 
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ သပြေနီကျေးရွာက ပျူစောထီးခေါင်းဆောင် မျိုးစည်သူကို ဖမ်းဆီးပြီးနောက် သုတ်သင် ရှင်းလင်းလိုက်တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)က ဇူလိုင် ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။


ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်နေ့ ည ၈ နာရီလောက်က သပြေနီကျေးရွာဘုန်းကြီးကျောင်းအတွင်း ပုန်းခိုနေထိုင်နေတဲ့ ပျူစောထီးခေါင်းဆောင် မျိုးစည်သူကို ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)နဲ့ PDF တပ်ရင်း(၂)တို့က ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။


ပျူစောထီးခေါင်းဆောင် မျိုးစည်သူကို ဖမ်းဆီးစဉ် လက်ပစ်ဗုံး ၂ လုံး သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးမေးမြန်းပြီးနောက် ပြစ်မှုတွေ ကျုးလွန်းထားကြောင်း ထင်းရှားတဲ့အတွက် သုတ်သင် ရှင်းလင်းလိုက်တယ်လို့ ကျိုက်ထိုတော်လှန်ရေး အင်အားစု(KRF) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 
ဒေသခံတွေ အဆိုအရ ပျူစောထီးခေါင်းဆောင် မျိုးစည်သူဟာ စစ်ကောင်စီကို သတင်ပေး ဆောင်ရွက်နေသလို သူကြောင့် ဒေသခံ ၂၀ ထက်မနည်း ဖမ်းဆီးခံထားရတယ်လို့ ဆိုကြပါတယ်။

 
ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF ကတော့ စစ်ကောင်စီလက်ပါးစေတွေ၊ သတင်းပေးဒလန်တွေနဲ့စကစ ဒေါက်တိုင်တွေကို ဆက်လက်တိုက်ခိုက်ချေမှုန်းသွားမှာ ဖြစ်ကြောင်းနဲ့ ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။


ဘီးလင်းမြို့နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီ သတင်းဒလန်နဲ့ ပျူစောထီးအဖွဲ့ဝင် ၁၀ ဦးထက်မနည်း သုတ်သင်ရှင်းလင်းခံထားရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.