ဒီးမော့ဆို ၊ ဇူလိုင် (၁၃)

 
နှစ်ဖက် စစ်ရေး အခြေအနေကြောင့် ကယားပြည်နယ် ဒီးမော့ဆို အရှေ့ဖက်ခြမ်းရှိ လွိုင်ကော်- မော်ချီး ကားလမ်းမကြီးကို ဇူလိုင် ၁၁ ရက်နေ့ကစပြီး တစ်ပတ် ၃ ရက်သာ ဖြတ်သန်းသွားလာခွင့်ပြုတော့မယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၀ က ထုတ်ပြန်ပါတယ်။


လွိုင်ကော်- မော်ချီး ကားလမ်းမကြီး အသုံးပြုခွင့်ကို ကရင်နီပြည်အစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒီးမော့ဆိုမြို့နယ် အုပ်ချုပ်ရေးမှူးတွေနဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်းတွေရဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ ကန့်သတ်ရတာလို့ ဆိုထားပါတယ်။


ဒါကြောင့် လွိုင်ကော်- မော်ချီး ကားလမ်း အသုံးပြုမယ့် ယာဉ်တွေအနေနဲ့ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး သုံးရက်သာ သွားလာခွင့်ပြုကြဖို့နဲ့ ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာပေးကြဖို့ KNDF က မေတ္တာရပ်ခံထားပါတယ်။


လွိုင်ကော်- မော်ချီး ကားလမ်း အသုံးပြုခွင့် ကန့်သတ်ရတာဟာ ကယားပြည်နယ်အတွင်း အထိုင်ချထားတဲ့ စစ်ကောင်စီတပ်တွေကို ရိက္ခာဖြတ်တောက်ဖို့ လုပ်ဆောင်တာ ဖြစ်တယ်လို့ KNDF B 10 တပ်ရင်းမှူး ကိုလေးက သံလွင်တိုင်းမ်ကို ပြောပါတယ်။


“ အဓိကတော့ ဘော်လထဲမှာရှိတဲ့ စစ်ကောင်စီတွေ အများအားဖြင့် သူတို့ဆီ ကုန်တွေဝင်သွားတာတွေ ရှိတယ်။ အဲ့တာကြောင့် ကျွန်တော်တို့က ဆန်တွေကို ကန့်သတ်ချက်နဲ့ပဲ တင်တယ်။ ကားတစ်စီးလုံးနဲ့ မတင်ခိုင်းဘူး။ ဘာဖြစ်လို့လဲဆိုတော့ စစ်ကောင်စီရဲ့ ရိက္ခာတွေကို ဖြတ်တောက်ဖို့ ကျွန်တော်တို့ ရည်ရွယ်တယ်” လို့ ဆိုပါတယ်။


ကန့်သတ်ထားတဲ့ စည်းကမ်းချက်တွေထဲမှာတော့ လွိုင်ကော်- မော်ချီး ကားလမ်း အသုံးပြုမယ့် ယာဉ်တွေအနေနဲ့ ပြည်ပခရီးသည် မတင်ဆောင်ဖို့၊ ဘိလပ်မြေအိတ် သယ်ဆောင်ရင် အမှတ်(၂) ခရိုင် ထောက်ခံစာပါဖို့၊ ဆန် ၁၀ အိတ်အထက် မသယ်ယူဖို့နဲ့ စစ်ကောင်စီထုတ်ကုန် သယ်ဆောင်တာတွေ မလုပ်ကြဖို့ ပါဝင်ပါတယ်။

 
ဒါပေမယ့် ကန့်သတ်ထားတဲ့ ၃ ရက်အတွင်း စစ်ရှောင်အရေး၊ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို သွားလာခွင့်ပြုသွားမယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်းက ကြေညာထားပါတယ်။


ကယားပြည်နယ်အတွင်းမှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ကြား ထိတွေ့တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေသလို နယ်မြေတချို့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.