ကျိုက်ထို ၊ ဇူလိုင်(၁၃)

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကျိုက်ထိုမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ သထုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်နေ့ ညပိုင်းကစပြီး စစ်ကောင်စီ သိမ်ဇရပ်အမြောက်တပ်ကနေ ဇီးပြောင်းနဲ့ ပျဉ်းကတိုးကုန်းကျေးရွာ အုပ်စုထဲကို လက်နက်ကြီး ၁၂၀ မမ တွေနဲ့ ပစ်ခတ်နေတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်က လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်နေတာကြောင့် ဒေသခံတွေ စိုးရိမ်ကြောက်လန့်ပြီး အိမ်ထောင်စုအလိုက် ထွက်ပြေးတိမ်းရှောင်နေရသလို လတ်တလောမှာတော့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူ အရေအတွက် အတိအကျ မသိရသေးဘူးလို့ သထုံခရိုင် PDF တာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီတပ်က လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်နေတာကြောင့် အထက်အင်္ဂဘို၊ ပိန္နဲကုန်း၊ ပျဉ်းကတိုးကုန်း၊ ဇီးပြောင်း၊ကညင်အိုင်နဲ့ ကျောက်ရေတွင်းကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတာပါ။

တဖက်မှာတော့ စစ်ကောင်စီတပ်ဟာ တပ်အင်အား ၁၀၀၀ လောက်နဲ့ ကျိုက်ထိုမြို့နယ်ထဲကို စစ်ကြောင်းထိုးတာနဲ့ ကင်းပုန်းဝပ်တာတွေ ဆက်တိုက် လုပ်ဆောင်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.