မက္ကဆီကို ၊ ဇွန် (၂၉)

တက္ကဆက်ပြည်နယ် ဆန် အန်တိုနီယိုတွင်  ဇွန်လ ၂၇ ရက်က ရွှေ့ပြောင်းလာသူ (၄၆) ဦး သေဆုံးခဲ့ပြီး ၎င်းဖြစ်ရပ်သည် အမေရိကန်-မက္ကဆီကို နယ်စပ်တစ်လျှောက် လူမှောင်ခိုကူးမှုတွင် အဆိုးရွားဆုံး ဖြစ်ရပ်များထဲမှ တစ်ခုဖြစ်တယ်လို့ မြို့တော်မီးသတ်ဌာနက ပြောကြားခဲ့ပါတယ်။

နောက်တွဲယာဉ်အတွင်းမှ ကလေးငယ်လေးဦးအပါအဝင် အခြားလူ ၁၆ ဦးကို ရှာဖွေတွေ့ရှိခဲ့ပြီး အပူဒဏ်နှင့် အသက်ရှုကြပ်မှုကြောင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်းနှင့် အခင်းဖြစ်ပွားပြီးနောက် လူသုံးဦးကို ဖမ်းဆီးထားကြောင်း ဆန်အန်တိုနီယို တာဝန်ရှိသူများက ပြောပါတယ်။ 

အဆိုပါ ထရပ်ကားကို မြို့တော်ရဲ့တောင်ပိုင်း ဆင်ခြေဖုံးဒေသ ဝေးလံတဲ့နေရာတစ်ခုရှိ ရထားသံလမ်းဘေးမှာ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ 

မက္ကဆီကိုနိုင်ငံခြားရေးဝန်ကြီးက ထရပ်ကားပေါ်မှ ရွှေ့ပြောင်းအခြေချသူတွေရဲ့ ဖြစ်ရပ်ဟာ တက္ကဆက်ပြည်နယ်တွင် ကြေကွဲစရာဖြစ်ကြောင်း တွစ်တာ လူမှုကွန်ရက်စာမျက်နှာတွင် ပြောဆိုခဲ့ပြီး ဒေသတွင်းကောင်စစ်ဝန်ရုံးရှိ တာဝန်ရှိသူများက အခင်းဖြစ်ပွားရာသို့ သွားရောက်ခဲ့ကြောင်းနှင့် သေဆုံးသူများရဲ့ အသေးစိတ်အချက်အလက်များကို အတည်မပြုနိုင်သေးကြောင်း ပြောကြားခဲ့ပါတယ်။ 

မကြာသေးမီလများအတွင်း အမေရိကန်-မက္ကဆီကိုနယ်စပ်မှာ ရွှေ့ပြောင်းဝင်ရောက်သူအရေအတွက်သည် စံချိန်တင် ဖြတ်ကျော်မှုများရှိခဲ့ပြီး ယင်းဟာ သမ္မတဂျိုးဘိုင်ဒင်ရဲ့ လူဝင်မှုကြီးကြပ်ရေးမူဝါဒအပေါ် ဝေဖန်မှုများ ဖြစ်ပေါ်စေခဲ့ပါတယ်။ 

မက္ကဆီကိုနယ်စပ်မှ ကီလိုမီတာ (၂၅၀) ခန့်အကွာ ဆန် အန်တိုနီယိုတွင် အပူချိန်ဟာ အခင်းဖြစ်တဲ့နေ့မှာ (၁၀၃) ဒီဂရီဖာရင်ဟိုက်သို့  မြင့်တက်ခဲ့တာလည်း ဖြစ်ပါတယ်။ 

၂၀၁၇ ခုနှစ် ဇူလိုင်လတွင် ဝဲလ်မာတ်ကားပါကင်တွင် နောက်တွဲယာဉ်ဖြင့် ရွှေ့ပြောင်းလာသူ (၁၀)ဦး သေဆုံးနေသည်ကို ဆန်အန်တိုနီယိုရဲတပ်ဖွဲ့မှ ရှာဖွေတွေ့ရှိခဲ့ဖူးပါတယ်။ 

ယင်းဖြစ်ရပ်တွင် ကားမောင်းသူ ဂျိမ်းစ်မတ်သရူး ဘရက်ဒလီဂျေအာသည် လူမှောင်ခိုလုပ်ငန်းတွင် သူပါဝင်ခဲ့သည့်အတွက် နောက်နှစ်တွင် ထောင်ဒဏ်တစ်သက် ချမှတ်ခံခဲ့ရပါတယ်။

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.