မော်လမြိုင် ၊ ဇွန်(၂၈)

နိုင်ငံတဝန်းမှာ စစ်တပ် အာဏာသိမ်းတဲ့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီကစပြီး မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်နက်ပစ္စည်းတွေကြောင့် အနည်းဆုံး ကလေးသူငယ် ၁၁၅ ဦး သေဆုံး ဒဏ်ရာရရှိခဲ့တယ်လို့ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရံပုံငွေအဖွဲ့ (UNICEF) က ထုတ်ပြန်ပါတယ်။

UNICEF ရဲ့အဆိုအရ မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်နက်ပစ္စည်းတွေ ကြောင့် သေဆုံးဒဏ်ရာရရှိသူတွေရဲ့ သုံးပုံတစ်ပုံကျော်မှာ ကလေးငယ်‌တွေ ဖြစ်ပြီး အသက် ဆုံးရှုံးစေတာနဲ့ ကိုယ်လက်အင်္ဂါချို့တဲ့စေတာတွေ ဆက်လက်ဖြစ်ပေါ်လျက်ရှိ စေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုနှစ် ဇန်နဝါရီကနေ ဧပြီလအတွင်း မြေမြုပ်မိုင်းတွေကြောင့် သေဆုံး ဒဏ်ရာရသူ ကလေးငယ်သူ ၄၇ ဦးအထိ ရှိခဲ့သလို ပြီးခဲ့တဲ့ ဇွန် တတိယပတ်အတွင်း မကွေးတိုင်းဒေသကြီး၊ဂန့်ဂေါမြို့နယ်မှာ အသက် ၇ နှစ်အရွယ် ကလေးနှစ်ဦးဟာ တောထဲမှာတွေ့ရှိတဲ့ မပေါက်ကွဲသေးတဲ့ ဗုံးသီးတစ်လုံးကို ကစားနေချိန် ပေါက်ကွဲမှုဖြစ်ပြီး အသက်ဆုံးရှုံးခဲ့ရပါတယ်။

ပဋိပက္ခအချိန်‌တွေအတွင်း ကလေးသူငယ်တွေဟာ မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်နက်ပစ္စည်းတွေ ကြောင့် အပါအဝင် အားနည်း ထိခိုက်လွယ်ဆုံးသူတွေ ဖြစ်ကြသလို ကလေးငယ်တွေဟာ လူကြီး‌တွေထက် အရွယ်အစားအနေနဲ့ ပိုမိုသေးငယ်တာကြောင့် ပေါက်ကွဲမှုဒဏ်ကို အပြည့်အဝ ခံရနိုင်ဖွယ်ပိုများတာကြောင့် သေဆုံးတာ ဒါမှမဟုတ် ပြင်းထန်ဒဏ်ရာ ရနိုင်ချေပိုများတယ်လို့လည်း UNICEF က ဆိုထားပါတယ်။

ဒါကြောင့် မြေမြှုပ်မိုင်းအသုံးပြုမှုတွေ ရပ်တန့်ရေးနဲ့ ရှိနှင့်ပြီးတဲ့ မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲ သေးတဲ့ စစ်လက်နက်ပစ္စည်း တွေကို ရှင်းလင်းကြဖို့ UNICEF က မေတ္တာရပ်ခံ တိုက်တွန်း ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.