နေပြည်တော် ၊ ဇွန် (၉)

အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ထားတဲ့ အခြေခံပညာက ဆရာ၊ဆရာမတွေ လုပ်ငန်းခွင်ပြန်ဝင်ဖို့ နောက်ဆုံး အယူခံကာလကို ဇွန်လ ၁၄ ရက်နေ့ထိ သက်တမ်းထပ်တိုး လိုက်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ CDM ဆရာ၊ဆရာမတွေရဲ့ နောက်ဆုံး အယူခံကာလကို ပြီးခဲ့တဲ့ မေ ၃၁ ရက်နေ့၊ ဇွန် ၇ ရက်နေ့မှာ နောက်ဆုံးအယူခံဆိုပြီး သတ်မှတ်ခဲ့သလို အခုအခါမှာလည်း ဇွန် ၁၄ ရက်နေ့ကို နောက်ဆုံးအယူခံ ကာလအဖြစ် ထပ်မံ သတ်မှတ်လာတာပါ။

စစ်ကောင်စီကတော့ အခြေခံပညာရေးဝန်ထမ်းတွေအနေနဲ့ မိမိတို့ဆန္ဒအလျောက် သင်ကြားရေးတာဝန် ပြန်လည်ထမ်းဆောင်ဖို့ နောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့တဲ့ ကျောင်းတည်ရှိရာ မြို့နယ်ပညာရေးမှူးရုံး ဒါမှမဟုတ် လက်ရှိ နေထိုင်ရာဒေသက နီးစပ်ရာမြို့နယ်ပညာရေးမှူးရုံးတွေမှာ ဆက်သွယ်သတင်း ပေးပို့ဖို့ ထပ်မံဖိတ်ခေါ်ထားတာ ဖြစ်ပါတယ်။

စစ်ကောင်စီက လုပ်ငန်းခွင် ပြန်ဝင်ကြဖို့ ဖိတ်ခေါ်နေပေမယ့်လည်း စစ်ကောင်စီ လက်အောက်မှာ အလုပ်ပြန်လုပ်ဖို့ မရှိသလို တခြား CDM ဆရာ၊ဆရာမတွေလည်း လုပ်ငန်းခွင် ပြန်ဝင်မှာ မဟုတ်ဘူးလို့ ကျောင်းအုပ်ဆရာမတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။



စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနကတော့ ဇွန် ၇ ရက်နေ့ထိ လုပ်ငန်းခွင် ပြန်ဝင်ဖို့ ဆက်သွယ်လာတဲ့ CDM ဆရာ၊ဆရာမ ၂၉၀၀ ကျော် ရှိပြီး အဲဒီထဲက CDM ဆရာ၊ဆရာမ ၅၀ ဦးဟာ သင်ကြားရေးမှာ ပြန်လည် တာဝန် ထမ်းဆောင်နေကြပြီးလို့ ဆိုထားပါတယ်။

ဒါပေမယ့် CDM ဆရာ၊ဆရာမ အများစုကတော့ အာဏာသိမ်း စစ်ကောင်စီ လက်အောက်မှာ ဘယ်တော့မှာ အလုပ်ပြန်မလုပ်ဖို့ ဆုံးဖြတ်ထားပါတယ်။

နိုင်ငံတဝန်းမှာ အာဏာသိမ်းမှုကို လက်မခံတာကြောင့် အခြေခံပညာဦးစီးဌာနက ဆရာ၊ဆရာမ သောင်းနဲ့ချီ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ထားပါတယ်။

စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနရဲ့ ပြီးခဲ့တဲ့နှစ် ဧပြီ ၂၃ ရက်နေ့မှာ ထုတ်ပြန်တဲ့ စာရင်းတွေအရ အခြေခံပညာဦးစီးဌာနက သင်ကြားရေးနဲ့ စီမံဝန်ထမ်းစုစုပေါင်း ၄၅၀၀၀၀ ကျော် ရှိတဲ့အထဲက ၁၂၀၀၀၀ ကျော် တာဝန်ထမ်းဆောင်ဖို့ ပျက်ကွက်ခဲ့တယ်လို့ ဖော်ပြပါတယ်။

စစ်ကောင်စီကတော့ အခုပညာသင်နှစ်အတွက် အခြေခံပညာကျောင်းတွေကို ဇွန် ၂ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ကျောင်းတက်ဖို့ အပ်နှံထားတဲ့ ကျောင်းသား၊ကျောင်းသူ ၅၆ သိန်းကျော်ရှိတယ်လို့ ဇွန် ၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.