ပုလော ၊ ဇွန် (၉)

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ နန်းတောင်ကျေးရွာအုပ်စု၊ ဂျင့်ဂါရွာကို ဇွန် ၈ ရက်နေ့ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တပ်အင်အား ၁၀၀ လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ လက်ရှိမှာတော့ ဂျင့်ဂါရွာနဲ့ ပျူစောထီးအင်အား ကောင်းတဲ့ ပုလောကုန်းကျေးရွာမှာ ဝင်ရောက်တပ်စွဲထားပြီး အနီးပတ်ဝန်းကျင်ကို လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်တာတွေ လုပ်ဆောင်နေတာပါ။

စစ်ကောင်စီတပ်က ရုတ်တရက် စစ်ကြောင်းထိုးလာတာကြောင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားလာမှာကို စိုးရိမ်တဲ့အတွက် ဂျင့်ဂါရွာနဲ့ အနီးနားကျေးရွာက ဒေသခံတွေဟာ နီးစပ်ရာ တောတောင်တွေနဲ့ ဘေးလွတ်ရာ နေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။



တဖက်မှာတော့ စစ်ကောင်စီတပ်ဟာ ဂျင့်ဂါကျေးရွာအနီးပတ်ဝန်းကျင်မှာ လေယာဉ်နဲ့ ကင်းထောက်တာတွေ ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတဲ့ ပုလောမြို့နယ်၊ ဂျင့်ဂါကျေးရွာဟာ ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၄ ထိန်းချုပ်နယ်မြေထဲက ကျေးရွာတစ်ခုဖြစ်ပြီး အဲဒီကျေးရွာအနီး ပတ်ဝန်းကျင်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

ပုလောမြို့နယ်မှာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး တပ်တို့ကြား နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒေသခံ ၁၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.