သံတောင်၊ ဇွန် ၈

ကရင်ပြည်နယ် သံတောင်မြို့အနီး(၁၃)မိုင်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို ဇွန် ၇ ရက်နေ့ မနက်ပိုင်းမှာ သံတောင်ဒေသခံကာကွယ်ရေးတပ်ဖွဲ့က စနိုက်ပါနဲ့သွားရောက်ပစ်ခတ်ခဲ့တဲ့အတွက်ကြောင့် စစ်ကောင်စီအရာရှိတစ်ဦး သေဆုံးသွားခဲ့တယ်လို့ သံတောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သံတောင်မြို့ သံတောင်-သံတောင်ကြီးလမ်းပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုကို သံတောင်ဒေသခံကာကွယ်ရေးတပ်ဖွဲ့က စနိုက်ပါနဲ့သွားရောက်ပစ်ခတ်ခဲ့ပြီး အဲဒီပစ်ခတ်မှုကြောင့် သေဆုံးမှုမှာ စစ်ကောင်စီ ဒုတပ်ရင်းမှူး ဒါမှမဟုတ် ဒုတပ်ခွဲမှူးဖြစ်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီအရာရှိ စနိုက်ပါထိမှန်သေဆုံးပြီးနောက် စစ်ကောင်စီတပ်က သံတောင်မြို့အဝင်အထွက်နဲ့ အနီးနားကျေးရွာတချို့မှာ လမ်းသွားလမ်းလာ ပြည်သူတွေကို ပိတ်ဆို့ရှာဖွေ စစ်ဆေးခဲ့သလို ရိုက်နှက်စစ်ဆေးတာတွေလည်း လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။



လက်ရှိမှာတော့ စစ်ကောင်စီတပ်ဟာ မြို့ပေါ်နဲ့ အနီးနားကျေးရွာတွေအတွင်း လှည့်ပတ်စစ်ဆေးတာတွေ၊ သေနတ်ပစ်ဖောက်တာတွေ လုပ်ဆောင်နေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ သတိပြုနေထိုင်သွားလာကြဖို့ သံတောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ကေအဲန်ယူ တောင်ငူခရိုင် တပ်မဟာ ၂ ကေအဲန်ဒီအို တပ်ရင်း(၄) ထိန်းချုပ်နယ်မြေအတွင်းမှာ ပြီးခဲ့တဲ့ မေလက စစ်ကောင်စီတပ်စခန်းတွေကို KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်သား (၁၆)ဦးသေဆုံးခဲ့ပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။

တပ်မဟာ ၂ ထိန်းချုပ်နယ်မြေတွေထဲမှာ စစ်ကောင်စီတပ်က နယ်မြေကျော်ရောက်ရှိပြီး စစ်ရေးလှုပ်ရှားမှုတွေလုပ်ဆောင်နေတဲ့အတွက် နယ်မြေခံ KNLA တပ်မဟာ ၂ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ မကြာခဏဖြစ်ပွားလျက်ရှိနေတယ်လို့ KNLA တပ်မဟာ ၂ တပ်မဟာမှူးက ပြောဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.