ကျိုက်ထို၊ ဇွန် ၈

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာအနီးမှာ ဇွန် ၇ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦး ထက်မနည်း ထိခိုက်သေဆုံးနိုင်တယ်လို့ သထုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၃) က ထုတ်ပြန်ပါတယ်။

ပဲခူးတိုင်း ဝေါမြို့နယ်ကနေ ကျိုက်ထိုမြို့နယ်ထဲကို မောင်းနှင်လာတဲ့ ကား ၁၀ စီးပါ စစ်ကောင်စီယာဉ် တန်းကို သထုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၃)က မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါ တယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီကား တစီး ထိခိုက်ပျက်စီးခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ ဦး သေဆုံးကာ ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိနိုင်တယ်လို့ သထုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၃)က ထုတ်ပြန်ထားပါတယ်။



စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထိခိုက်မှု တစ်စုံတစ်ရာ မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ ကိစ္စရပ်နဲ့ ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) သထုံခရိုင် တာဝန်ရှိသူတွေကို သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းနေပေမယ့် လက်ရှိအချိန်ထိ အဆက်အသွယ် မရသေးပါဘူး။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကျိုက်ထိုမြို့နယ်ထဲမှာတော့ စစ်ကောင်စီယာဉ်တန်း မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံနေရသလို အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က အထိနာနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.