ခင်ဦး – ဇွန်(၅)

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ခင်ဦး-ရေဦးလမ်းဘေးရှိ သာဂရကျေးရွာ က နေအိမ်တွေကို စစ်ကောင်စီက မီးရှို့လို့ အိမ်ခြေ(၆၀) ကျော် ပျက်ဆီးခဲ့ပြီး အသက်ကြီးပိုင်း အရွယ်အမျိုးသမီး တစ်ဦး မီးလောင်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကို ပြောပါတယ်။

စစ်ကောင်စီက နေအိမ်တွေမီးရှို့ခဲ့လို့ ကျန်းမာရေးမကောင်းတဲ့ အသက်(၇၀) ကျော်အရွယ် အမျိုးသမီး ဖြစ်သူဟာ မီးလောင်ကျွမ်းသေဆုံးခဲ့ရတာပါ။

ဇွန်လဆန်းပိုင်းက သာဂရကျေးရွာကို စစ်အင်အား (၁၀၀) လောက်နဲ့ ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဇွန်လ(၄) ရက်နေ့ မနက်ပိုင်းကစတင်ပြီး လူနေအိမ်တွေကို မီးရှို့ ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

သာဂရကျေးရွာမှာ အိမ်ခြေ(၁၉၀) ကျော်ရှိပြီး အဲ့ဒီထဲက နေအိမ်(၆၀) ကျော်မီးလောင်ပျက်ဆီး ခဲ့သလို စပါးတော်တော်များများလဲ မီးထဲပါသွားကြတယ်လို့ သိရပါတယ်။


စစ်ကောင်စီက စစ်ကိုင်းတိုင်း၊မကွေးတိုင်းက ကျေးရွာတွေကို လက်နက်ကြီး အသုံးပြုပြီး တိုက်ခိုက်နေတာတွေပြုလုပ်နေသလို လေကြောင်းတိုက်ခိုက်တာတွေလည်းရှိနေပြီး မြေပြင်က ကျေးရွာတွေကိုလည်း သာလွန်အင်အားအသုံးပြုပြီး ပြည်သူပိုင်နေအိမ်တွေကို မီးရှို့တာ တွေဆက်တိုက်ဆိုသလိုလုပ်ဆောင်လာပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.