အော့တဝါ၊ ဇွန် ၄

နိုင်ငံတကာလေပိုင်နက်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက တရုတ်လေတပ်မှ လေယာဉ်မှူးများနှင့်  ကနေဒါစစ်တပ်တို့ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး ကျွမ်းကျင်မှုမရှိဘဲ အန္တရာယ်ရှိတဲ့ အပြုအမူတွေ ပြုလုပ်ခဲ့ကြောင်း ကနေဒါက စွပ်စွဲပြောဆိုလိုက်ပါတယ်။ 

နိုင်ငံတကာ ပြစ်ဒဏ်များနဲ့ ရင်ဆိုင်နေရတဲ့ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်နှင့် ပဲ့ထိန်းဒုံးကျည်အစီအစဉ်အတွက် ဥရောပသမဂ္ဂမှ ဒဏ်ခတ် ပိတ်ဆို့အရေးယူမှုများ ဆောင်ရွက်ရန် နိုင်ငံစုံကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ကနေဒါလေယာဉ်တွေက ဂျပန်နိုင်ငံမှာ ဖြန့်ကျက်ချထားခဲ့တာ ဖြစ်ပါတယ်။ 

တရုတ်နိုင်ငံရဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်လေတပ်အနေဖြင့် နိုင်ငံတကာလေကြောင်းဘေးကင်းရေးစံနှုန်းများကို အကြိမ်ကြိမ် လိုက်နာခြင်းမရှိကြောင်းနှင့် “တုံ့ပြန်မှုများဟာ ပရော်ဖက်ရှင်နယ်မဆန်ဘဲ တော်ဝင်ကနေဒါလေတပ်ဝန်ထမ်းများ၏ ဘေးကင်းမှုကို အန္တရာယ်ဖြစ်စေတယ်”လို့ ကနေဒါစစ်တပ်မှ ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ပါတယ်။ 

အချို့သောအခြေအနေများတွင် ကနေဒါ၏ လေတပ်စစ်သည်များ “ကြားဖြတ်တိုက်မိနိုင်သည့် အခြေအနေမှ ရှောင်ရှားရန် သူတို့၏ပျံသန်းမှုလမ်းကြောင်းကို လျင်မြန်စွာပြောင်းလဲခဲ့ရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

တရုတ်လေယာဉ်များမှ ၎င်းတို့၏ ပျံသန်းမှုလမ်းကြောင်းမှ ပုံစံပြောင်းပြီး ကနေဒါလေယာဉ်များနှင့် နီးနီးကပ်ကပ် ပျံသန်းမှုများလည်းပြုလုပ်ခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားပါတယ်။ 

ကုလသမဂ္ဂက ဒဏ်ခတ်ပိတ်ဆို့ထားသော မစ်ရှင်များအတွင်းရှိ နိုင်ငံတကာလေပိုင်နက်မှာ ထိုသို့သော တုံ့ပြန်မှုများ မကြာခဏ ပို၍ ဖြစ်လာကြောင်းနှင့် “၄င်းဖြစ်ရပ်များကို သံတမန်လမ်းကြောင်းများမှတဆင့် ကိုင်တွယ်ဖြေရှင်းခဲ့ရတယ်” လို့လည်း ကြေညာချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။

မြောက်ကိုရီးယား၏ အဓိကမဟာမိတ် တရုတ်မှာ ရုရှား၏ ယူကရိန်းကိုကျူးကျော်မှုအပေါ်  အနောက်အုပ်စုနှင့် ဆက်ဆံရေး သိသိသာသာ ယိုယွင်းနေခဲ့ပြီး ရုရှားနှင့်အတူ အဆိုပါ ဆုံးဖြတ်ချက်ကို ဗီတိုအာဏာဖြင့် ပယ်ချခဲ့ပြီးနောက် ပိတ်ဆို့အရေးယူမှုအသစ်မှာ တန်ပြန်အကျိုးသက်ရောက်မှုတွေ ရှိလာမှာဖြစ်ပြီး တင်းမာမှုတွေ ပိုတိုးလာမယ်လို့ တုံ့ပြန်ပြောဆိုခဲ့ပါသေးတယ်။ 

၂၀၁၉ ခုနှစ် ဇွန်လပိုင်းက ကနေဒါရေတပ်သင်္ဘောနှစ်စင်းမှာ အရှေ့တရုတ်ပင်လယ်ကိုဖြတ်၍ ရွက်လွှင့်လာစဉ် တရုတ်တိုက်လေယာဉ်များက ခြောက်လှန့်သတိပေးသယောင် အနီးကပ် ချဉ်းကပ်ပျံသန်းမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။ 

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.