ကိဗ်၊ ဇွန် ၁

ယူကရိန်းအရှေ့ပိုင်းက အရပ်သားများကို ကယ်ဆယ်တဲ့ ယာဉ်တစ်စီးအား ရုရှားက ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ထိုနေရာမှာ သတင်းယူနေတဲ့ ပြင်သစ် သတင်းထောက်တစ်ဦး သေဆုံးခဲ့တယ်လို့ ပြင်သစ်နဲ့ ယူကရိန်း အရာရှိတွေက ပြောပါတယ်။

“စစ်ရဲ့အဖြစ်မှန်ကိုပြသဖို့ ဖရယ်ဒီရစ် လောလက် အမ်းမော့ဖ်က ယူကရိန်းမှာရှိနေတာဖြစ်ပြီး အရပ်သားတွေကို လွတ်မြောက်ရာ ကယ်ဆယ်ဖို့ လူသားချင်းစာနာမှုဆိုင်ရာ ဘက်စ်ကားပေါ်တင်ဆောင်စဉ် ရုရှားရဲ့ ဗုံးခွဲတိုက်ခိုက်မှုကြောင့် သူသည် သေလုမြောပါး ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်”လို့ ပြင်သစ်သမ္မတက သူရဲ့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။ 

လောလက် အမ်းမော့ဖ်သည် BFM ရုပ်မြင်သံကြားသတင်းချန်နယ်အတွက် အလုပ်လုပ်နေသူဖြစ်ပြီး အသက် ၃၂ နှစ်ရှိပြီဖြစ်ကာ စစ်ပွဲစတင်ကတည်းက ဒုတိယအကြိမ်မြောက် ယူကရိန်းမှ သတင်းပို့သည့်ခရီးစဉ်တွင် ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ 

မကြာသေးမီရက်သတ္တပတ်များအတွင်း ရုရှားတပ်များ ချီတက်လာခြင်းကြောင့် ယူကရိန်းအရှေ့ဘက်ရှိ ပိတ်ဆို့မှုတွေဖြစ်နေခဲ့တဲ့ ဆာဗယ်ရို ဒွန်းနက်ခ်မြို့အနီးမှာ အဆိုပါသတင်းထောက် ရှိနေခဲ့တာဖြစ်တယ်လို့  ပြင်သစ်နှင့် ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနများက ထုတ်ပြန်ပြောဆိုပါတယ်။

လောလက် အမ်းမော့ဖ်မှာ သူရဲ့တာဝန်ကိုထမ်းဆောင်နေစဉ်အတွင်း ရုရှား ဗုံးကြဲမှုကြောင့် သေဆုံးသွားကြောင်း တနင်္လာနေ့က ကိဗ်မြို့သို့သွားရောက်လည်ပတ်ခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီး ကတ်သရင်း ကိုလွန်နာက တွစ်တာမှာ ရေးသားခဲ့ပါတယ်။ 

“စုံစမ်းစစ်ဆေးမှုအတွက် သမ္မတ ဇယ်လန်းစကီးနှင့် လူးဟန့် အုပ်ချုပ်ရေးအဖွဲ့တို့နဲ့ ပြောဆိုခဲ့ပြီး သူတို့က အကူအညီနဲ့ ပံ့ပိုးမှုတွေအတွက် အာမခံပါတယ်” လို့ သူမက ရေးသားခဲ့တာပါ။ 

“ကျွန်ုပ်တို့၏ သံချပ်ကာ ကယ်ဆယ်ရေးယာဉ်သည် ထိုနေရာမှ လူ (၁၀) ဦးကို ခေါ်ဆောင်သွားစဉ် ရန်သူ၏ ပစ်ခတ်မှုခံခဲ့ရတယ်” လို့ လူးဟန့် အုပ်ချုပ်ရေးမှူးက တယ်လီဂရမ်တွင် ပြောခဲ့ပါတယ်။ 

ဗုံးပေါက်ကွဲမှုကြောင့် ၎င်း၏ သတင်းထောက် ကျည်ဆန် ထိမှန်ခဲ့ပြီး သူ၏ လုပ်ဖော်ကိုင်ဖက်လည်း ဒဏ်ရာရခဲ့ကြောင်း BFM မှ ထုတ်ပြန်ခဲ့ပါတယ်။  

နယ်စည်းမခြား သတင်းထောက်များအဖွဲ့နှင့် နိုင်ငံတကာ မီဒီယာစည်းရုံးရေးမှ ယူကရိန်း စစ်ပွဲအကြောင်း သတင်းပို့စဉ် သတင်းထောက် ရှစ်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ 

ကုလသမဂ္ဂ UNESCO အကြီးအကဲက လောလက် အမ်းမော့ဖ် အသတ်ခံရမှုကို ပြစ်တင်ရှုံ့ချခဲ့ပြီး ယခင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များနှင့်အညီ ပဋိပက္ခဇုန်များတွင် အလုပ်လုပ်နေသော သတင်းထောက်များအား အကာအကွယ်ပေးရန် တောင်းဆိုခဲ့ပါတယ်။

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.