ဒီမော့ဆို ၊ မေ(၃၁)

မဟာမိတ် တော်လှန်ရေး အင်အားစုတွေနဲ့ ပူးပေါင်းပြီး ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ကရင်နီပြည် ထူထောင်သွားမယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်တော် KNDF ဥက္ကဋ္ဌ ခွန်းဘီထူးက ပြောဆိုလိုက်ပါတယ်။

ဒီကနေ့ မေလ ၃၁ ရက်နေ့မှာ ကျရောက်တဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်တော် KNDF ထူထောင်ခြင်း တစ်နှစ်ပြည့် အခမ်းအနားသို့ ပေးပို့တဲ့ နှုတ်ခွန်းဆက် သဝဏ်လွှာမှာ ထည့်သွင်း ပြောဆိုခဲ့တာပါ။

KNDF တပ်တော်ကို ရပ်နီးရပ်ဝေးက ကူညီထောက်ပံ့ကြသူတွေ ဖြစ်တဲ့ အမျိုးသားညီညွတ်ရေး အစိုးရ NUG အပါအဝင် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ကျေးဇူးတွေကို အသိအမှတ် ပြုတဲ့အနေနဲ့ စစ်အာဏာရှင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပေါ်ပေါက်ရေးကို ဆက်လက် လုပ်ဆောင် သွားမယ်လို့ ဆိုပါတယ်။



ဒါ့အပြင် KNDF တပ်တော်ရဲ့ နိုင်ငံရေး ပဋိညာဉ်အရ ကိုယ်ပိုင်းပြဌာန်းခွင့်ရှိတဲ့ ကရင်နီပြည် ထူထောင်နိုင်ရေးနဲ့ စစ်အာဏာရှင် ချုပ်ငြိမ်းရေးအတွက် နိုင်ငံတဝန်းက တော်လှန်ရေးအင် အားစုတွေနဲ့ ချိတ်ဆက်ပြီး ပြတ်သားစွာ အကောင်အထည်ဖော်သွားမယ်လို့ ခွန်းဘီထူးက ပြောပါတယ်။

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်တော် KNDF ရဲ့ တစ်နှစ်ပြည့်အတွက် ညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ်တဲ့ MNDAA၊TNLA၊AA တို့နဲ့ BPLA တို့ကလည်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့ကတော့ ဘဝတူတော်လှန်ရေးအဖွဲ့အစည်းဖြစ်တဲ့ KNDF ခေါင်းဆောင် တွေရဲ့ ကြိုးစားအားထုတ်မှုတွေကို အလေးထားအသိအမှတ်ပြုပြီး တတ်နိုင်သမျှ အကူအညီ တွေကိုလည်း ပံ့ပိုးဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.