ဘားအံ၊ မေ ၃၁

ကေအဲန်ယူထိန်းချုပ်နယ်မြေ တပ်မဟာ လေးခုအတွင်းက သွားလာရခက်ခဲ့တဲ့နေရာတွေမှာ ရှိနေတဲ့ စစ်ဘေး ရှောင်ပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ အထူးလိုအပ်နေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ပါတယ်။

ကေအဲန်ယူ ကော်သူးလေအုပ်ချုပ်နယ်မြေတွေအတွင်းမှာ စစ်ကောင်စီနဲ့နယ်ခြားစောင့်တပ် BGF တွေက နယ်မြေစိုးမိုးရေးအတွက် စစ်ရေးလှုပ်ရှားမှုတွေ အမြဲလုပ်ဆောင်နေတာကြောင့် နယ်မြေခံ KNLA KNDO ပူပေါင်းတပ်ဖွဲ့တို့နဲ့ နေ့စဉ်ထိတွေ့ပစ်ခတ်မှုတွေ ဖြစ်ပွားလျက်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ နယ်မြေစိုးမိုမှုရရှိရေးအတွက် လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်တာ တွေ လုပ်ဆောင်နေတာကြောင့် ကျေးရွာအတွင်းမှာနေထိုင်တဲ့ ဒေသခံရွာသားတွေဟာ ရွာထဲမှာနေထိုင်မရဲတော့ ဘဲ ဘေးလွတ်ရာကို ရွှေ့ပြောင်းနေထိုင်ကြနေရပါတယ်။

ကေအဲန်ယူထိန်းချုပ်နယ်မြေ သထုံခရိုင် တပ်မဟာ ၁၊ ညောင်လေးပင်ခရိုင် တပ်မဟာ ၃၊ ဘိတ်ထားဝယ်ခရိုင် တပ်မဟာ ၄ ၊ မူတြော်ခရိုင် တပ်မဟာ ၅ နဲ့ ဒူးပလာယာခရိုင် တပ်မဟာ ၆ တို့မှာ လက်တလော တိုက်ပွဲတွေ ဖြစ်ပွားနေပြီး မိုးဦးရာသီရောက်ရှိလာတာနဲ့အမျှ စစ်ဘေးရှောင်တို့ရဲ့ ကျန်းမာရေး၊ နေထိုင်ရေး၊ စားဝတ်နေရေး အတွက် လိုအပ်အပ်ချက်တွေ များပြားလာတာပါ။



အထူးသဖြင့် တပ်မဟာ ၁၊ တပ်မဟာ ၃၊ တပ်မဟာ ၄ နဲ့ တပ်မဟာ ၅ အတွင်းရှိ သွားရေးလာရေးခက်ခဲတဲ့ ဒေသတွေမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ အထူးလိုအပ်လျက်ရှိတယ်လို့ ကေအဲန်ယူက ဆိုပါတယ်။

ကေအဲန်ယူထိန်းချုပ်နယ်မြေတွေထဲမှာ စစ်ကောင်စီတပ်က ထိုးစစ်ဆင်မှုတွေ ပိုမိုလုပ်ဆောင်လာသလို ရမ်းသမ်းပစ်ခတ်မှုတွေလည်း ဆက်လက်လုပ်ဆောင်နေတာကြောင့် စစ်ဘေးရှောင်တွေအတွက် အင်မတန် ဆိုးရွားတဲ့အခြေအနေတွေ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က ပြောရေး ဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ စောနန္ဒဆူးက ပြောပါတယ်။

ကေအဲန်ယူထိန်းချုပ်နယ်မြေအတွင်းမှာ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူဦးရေဟာ ၁၇၀၀၀၀ ကျော်ရှိနေပြီး လက်ရှိမှာတော့ အမိုးအကာ၊ သောက်သုံးရေသန့်၊ ဆေးဝါးနဲ့ စားနပ်ရိက္ခာ စတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်လျက်ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.