ကန်ဘာရာ – မေ(၂၉) 

ပစိဖိတ်ဒေသတွင်း ကျယ်ပြန့်တဲ့ အစီအစဉ်ရှိတယ်လို့ ဩစတြေးလျခေါင်းဆောင်သစ်က ပြောဆိုနေချိန်မှာပဲ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဆာမိုအာ နိုင်ငံနဲ့ သံတမန်ဆက်ဆံရေး ခိုင်မာစေဖို့ မေလ(၂၈) ရက်နေ့မှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။ 

တရုတ်နိုင်ငံဟာ မကြာသေးခင်က ချုပ််ဆိုခဲ့တဲ့ ဆော်လမွန်ကျွန်းစုနဲ့ လုံခြုံရေးသဘောတူစာချုပ် ကို အကောင်အထည်ဖော်နေပြီး အမေရိကန်နဲ့ သူ့တို့ရဲ့ မဟာမိတ်ဖြစ်တဲ့ ဩစတြေးလျလို နိုင်ငံတွေက ဘေဂျင်းအစိုးရရဲ့ စစ်ရေးတိုးမြှင့်လာမှာကို ကြောက်ရွံ့နေတဲ့အတွက် ဩစတြေးလျ ဗဟိုလက်ဝဲအစိုးရသစ်ဟာ ပစိဖိတ်ကျွန်းစုတွေကို သံတမန်ရေးရာအစောပိုင်းဦးစားပေးအဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ရက်ပိုင်းက ကျမ်းသစ္စာကျိန်ဆိုခဲ့တဲ့ ဝန်ကြီးချုပ် အန်တိုနီ အယ်ဘန်းနီးစ်က သူ့ရဲ့ အလုပ်သမားအစိုးရရဲ့ အစီအစဉ်မှာ ကာကွယ်ရေးသင်တန်းကျောင်း၊ရေကြောင်းလုံခြုံရေး အတွက်အထောက်အပံ့အကူအညီတွေမြှင့်တင်ဖို့နဲ့ ရာသီဥတုဖောက်ပြန်မှုအတွက် ဒေသတွင်း အကူအညီပေးဖို့ ပါဝင်တယ်လို့ ပြောပါတယ်။ 

ပစိဖိတ်ဒေသတွင်း လုံခြုံရေးနဲ့ ကုန်သွယ်မှုဆိုင်ရာ (၁၀) နိုင်ငံ သဘောတူညီချက်ကို ကြိုးပမ်းနေတဲ့ တရုတ်နိုင်ငံရဲ့ ခရီးစဉ်မှာ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီဟာ ဆာမိုအာ နိုင်ငံကိုသွားရောက်လည်ပတ်ခဲ့ပြီး ဝန်ကြီးချုပ် ဖာရာမီနာအိုမီ မာတာဖာနဲ့တွေ့ဆုံကာ စီးပွားရေး နဲ့ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အပါအဝင် စာရွက်စာတမ်းတွေကို လက်မှတ်ရေးထိုးထားတယ်လို့ ဆာမိုအာ နိုင်ငံက ထုတ်ပြန်ထားပါတယ်။ 

“ဆာမိုအာနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏ ပူးတွဲအကျိုးစီးပွားနှင့် ကတိကဝတ်များကို ဖော်ဆောင်ပေးမည့် ပိုမိုကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်လုပ်ဆောင်သွား ပါမည်” လို့ ပြောပါတယ်။ 

ဩစတြေးလျဟာ ပစိဖိတ်ကျွန်းစုနိုင်ငံတွေကို သူတို့အစိုးရသစ်ရဲ့ အာရုံစိုက်မှု ကို ပြသဖို့ နိုင်ငံခြားရေးဝန်ကြီး ပန်နီဝေါင်ဟာ ဖီဂျီနိုင်ငိကို ပြီးခဲ့တဲ့ ရက်ပိုင်းက သွားရောက်ခဲ့ပြီး ဝန်ကြီးချုပ် ဖရန့်ဘိုင်နီမာရာမာနဲ့ တွေ့ဆုံထားပါသေးတယ်။ 

“ဖီဂျီသည် မည်သည့်နိုင်ငံရဲ့ “နောက်ဖေးခြံ” မဟုတ်ပါ၊ ကျွန်ုပ်တို့ဟာ ပစိဖိတ်ဒေသ မိသားစု သာဖြစ်တယ်” လို့ ဖီဂျီဝန်ကြီးချုပ်က သူနဲ့  ပန်နီဝေါင်တို့ လက်ဆွဲနှုတ်ဆက်နေတဲ့ ဓာတ်ပုံနဲ့ လူမှု ကွန်ယက်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ က ဆော်လမွန်ကျွန်းစုတွေနဲ့ ပေကျင်းရဲ့ ဆက်ဆံရေးဟာ ဒေသတွင်း စံနမူနာတစ်ခု ဖြစ်လာနိုင်မယ်လို့ မျှော်မှန်းထားချိန် ဩစတြေးလျနိုင်ငံခြားရေး ဝန်ကြီးက ကမ်ဘာရာဟာ စည်းနှောင်မှုတွေမရှိတဲ့ မိတ်ဖက်နိုင်ငံဖြစ်လာမယ်လို့ ပြောဆို ခဲ့ပါတယ်။ 

နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိဟာ ဖီဂျီကိုသွားရောက်ပြီး တနင်္လာနေ့မှာ ကျင်းပမယ့် အစည်းအဝေး မှာ ဒေသတွင်း သဘောတူညီချက်အတွက်တွန်းအားပေးဖို့ စီစဉ်နေတာဖြစ်ပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.