ဘန်ကောက် – မေ(၂၈) 

ဂျပန်နိုင်ငံရဲ့ ပံ့ပိုးမှုနဲ့ ကမ္ဘာ့အကြီးမားဆုံး လျှပ်စစ်ကားထုတ်လုပ်ရေး ဗဟိုချက်ဖြစ်လာနိုင်တယ် လို့ ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြီးခဲ့တဲ့ ကြာသပတေးနေ့က တိုကျိုမှာ ကျင်းပ တဲ့(၂၇) ကြိမ်မြောက် အာရှအနာဂတ်နိုင်ငံတကာညီလာခံမှာ ပြောခဲ့ပါတယ်။ 

ထိုင်းနိုင်ငံဟာ မျှော်မှန်းထားတဲ့ ခေတ်မှီစက်မှုလုပ်ငန်းဗဟိုချက်အဖြစ် အရှေ့စီးပွားရေး စင်္ကြံမှာ ရင်းနှီးမြုပ်နှံမှုတွေပြုလုပ်နိုင်ဖို့ နိုင်ငံရဲ့ အခြေခံအဆောက်အအုံတွေ၊ဒစ်ဂျစ်တယ်နည်းပညာ နဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍတွေမှာ အဆင့်မြှင့်တင်ဖို့ အရင်းအမြစ်အားလုံးကို အသုံးချ သွားမှာဖြစ်တယ်လို့ သူကပြောပါသေးတယ်။ 

(Electric Vehicle-EV) လျှပ်စစ်ကား နဲ့ ပတ်သက်တဲ့ ထုတ်ကုန်တွေအတွက် ထိုင်းနိုင်ငံသည် ကမ္ဘာ လုံးဆိုင်ရာ အချက်အချာနေရာတစ်ခုအဖြစ် မျှော်မှန်းထားပြီး အစိုးရက နိုင်ငံတွင်း ၂၀၅၀ ပြည့် နှစ်မှာ ကာဗွန်ထုတ်လုပ်မှု လျှော့ချတဲ့ စီးပွားရေးစနစ်ဖြစ်လာစေဖို့နဲ့ ၂၀၆၅ ခုနှစ်မှာ ဓာတ်ငွေ့ ထုတ်လွှတ်မှုကို လုံးဝကင်းစင်သွားစေဖို့ ကူညီနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ 

ဖိုရမ်မှာ ဂျပန်အစိုးနဲ့ ဗိုလ်ချုပ်ကြီးပရာယွတ်က ဂျပန်နိုင်ငံရဲ့ ပံ့ပိုးမှုနဲ့ စီးပွားရေးလုပ်ငန်းတွေ ရင်းနှီးမြှုပ်နှံမှုအပါအဝင် နည်းပညာလွှဲပြောင်းမှုပုံစံနဲ့ ရည်မှန်းချက်ကို အောင်မြင်နိုင်တယ်လို့ ပြောဆိုခဲ့ကြပါတယ်။ 

ဂျပန်နိုင်ငံဟာ ထိုင်းရဲ့ဒုတိယအကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ရဲ့ ထိပ်တန်းရင်းမြစ်တစ်ခုဖြစ်ကာ ဂျပန်ကုမ္ပဏီပေါင်း (၅၀၀၀) ဟာ ထိုင်းနိုင်ငံမှာ အခြေစိုက်ထား ကြတယ်လို့ သိရပါတယ်။ 

နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှု တိုးလာစေဖို့အတွက် အကူအညီပေးသွားဖို့ရှိတယ်လို့ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက တိုကျိုမှာ ပြောဆိုထားပြီး ထိုင်းကုမ္ပဏီတွေကလည်း ဂျပန်ရဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍကို စူးစမ်းလေ့လာလိုနေကြတယ်လို့ သိရပါတယ်။ 

ဗိုလ်ချုပ်ကြီး ပရာယွတ်ဟာ နိုင်ငံအပေါ် ဂျပန်ပုဂ္ဂလိက ကဏ္ဍတွေရဲ့ ယုံကြည်မှု မြှင့်တင်သွားဖို့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုအတွက် အစိုးရရဲ့ မူဝါဒကို အတည်ပြုဖို့ တွေ့ဆုံ ထားတယ်လို့ သိရပါတယ်။ 

ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှိဒါနဲ့ ထိုင်းခေါင်းဆောင်တို့ဟာ တစ်လအတွင် (၂) ကြိမ်မြောက် အဖြစ်တွေ့ဆုံကြတာဖြစ်ပြီး လဆန်းပိုင်းက ဂျပန်ခေါင်းဆောင်ဟာ ထိုင်းနိုင်ငံကို သွားရောက် ခဲ့ပြီး ကိုဗစ်ကပ်ဘေးနောက်ပိုင်း စီးပွားရေးပြန်လည်နလန်ထူလာစေဖို့ရန်ပုံငွေ ယန်း ဘီလျံ (၅၀) ဘတ်ငွေ(၁၃.၄၅) ဘီလျံ ကိုချေးငွေအဖြစ် ကမ်းလှမ်းထားပါသေးတယ်။ 

ဗိုလ်ချုပ်ကြီး ပရာယွတ်က ဂျပန်အစိုးရဟာ ကာကွယ်ဆေးအပြည့်ထိုးထားတဲ့ ထိုင်းခရီးသွား တွေကို စတင်လက်ခံပေးတာနဲ့ ပတ်သက်ပြီး ဝမ်းမြောက်ကြောင်းပြောဆိုထားသလို ထိုင်းနိုင်ငံ ကိုလာရောက်လည်ပတ်ကြဖို့ ဂျပန်ခရီးသွားတွေကိုလည်း ဖိတ်ခေါ်ခဲ့ပါတယ်။

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.