ရန်ကုန် ၊ မေ(၁၂)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်‌တွေနဲ့ ပါတီ ထောက်ခံသူတွေကို သတ်ဖြတ်သွားတဲ့ သွေးသောက်အဖွဲ့တွေရဲ့ ကျုးလွန်မှုတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကိုယ်တိုင် ပါဝင်ပတ်သက်မှု ရှိနေတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဗဟိုအလုပ်ကော်မတီက ထုတ်ပြန် လိုက်ပါတယ်။

ဧပြီလ၂၁ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တဲ့ သွေးသောက်၊စွန်ရဲ၊ မျိုးချစ်ညွန့်ပေါင်းနဲ့ မျိုးချစ်မဟာမိတ်စတဲ့ အဖွဲ့တွေဟာ မေ ၅ ရက်နေ့အထိ NLD ပါတီဝင်‌‌တွေနဲ့ ပါတီထောက်ခံသူ စုစုပေါင်း ၁၄ ဦးကို သတ်ဖြတ်ခဲ့တာပါ။

အဲဒီအဖွဲ့တွေဟာ NLD ပါတီဝင်တွေ၊ သူတို့ရဲ့ မိသားစုဝင်တွေ၊ ပါတီကို အားပေးထောက်ခံ ခဲ့သူတွေကို ခြိမ်းခြောက်စာတွေ ပေါ်ပေါ်ထင်ထင်ဖြန့်ဝေခဲ့ပြီးနောက် ဖမ်းဆီးနှိပ်စက်သတ်ဖြတ် မှုတွေကို ပြောင်ပြောင်တင်းတင်း ကျုးလွန်ခဲ့ကြတယ်လို့ NLD ကဆိုပါတယ်။



သေဆုံးသူတွေဟာ နေအိမ်ကနေ လာရောက်ခေါ်ဆောင်သွားတာခံရပြီး သတ်ဖြတ်ခံရတဲ့ ရုပ်အလောင်းတွေကို လမ်းဘေးမှာ လာရောက်စွန့်ပစ်သွားကာ အလောင်း‌တွေမှာ ကျုးလွန်တဲ့အဖွဲ့ရဲ့အမည်တွေ ချိတ်ဆွဲထားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

အသတ်ခံရသူတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာနဲ့ အလောင်းတွေကို လာရောက်စွန့်ပစ်ရာမှာ စစ်ကား၊ရဲကားတွေ အသုံးပြုတာကို မျက်မြင်သက်သေတွေက တွေ့ရှိထားတယ်လို့ NLD က ဆိုထားပါတယ်။

စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သွေးသောက်အဖွဲ့‌တွေနဲ့ ပတ်သက်မှု မရှိဘူးလို့ ပြီးခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ငြင်းဆိုထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဗဟိုအလုပ်ကော်မတီရဲ့ ထုတ်ပြန်ချက်အရ သတ်ဖြတ်ခံရသူတွေထဲမှာ မန္တလေးတိုင်းက အများဆုံးပါဝင်နေပြီး တနင်္သာရီတိုင်း၊ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်းတို့လည်း သတ်ဖြတ်ခံထားရတယ်လို့ ဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.