ဖာပွန် ၊ မေ (၁၂)

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၅) ထိန်းချုပ်နယ်မြေ ဖာပွန်ခရိုင်ထဲမှာ ဝင်ရောက်တပ်စွဲထားတဲ့ စစ်ကောင်စီ လက်အောက်ခံ ကရင်နယ်ခြားစောင့် BGF တပ်တွေဟာ မေလ ၁၁ ရက်နေ့က ပြန်လည်ရုတ်သိမ်းသွားတယ်လို့ BGF နဲ့နီးစပ်သူတွေက ပြောပါတယ်။

ပြန်လည်ရုတ်သိမ်းသွားတဲ့ BGF တပ်ဖွဲ့ဝင်တွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် KNU တပ်မဟာ ၅ နယ်မြေဖြစ်တဲ့ ကမမောင်း-ကတိုင်တိ-ဖာပွန်ကားလမ်းမတစ်လျှောက်မှာ စစ်ကောင်စီတပ်နဲ့အတူ တစ်နှစ်နီးပါးကြာ စခန်းချ နေထိုင်နေတဲ့ ရွှေကုက္ကိုလ်ဒေသအခြေစိုက် ကရင်နယ်ခြားစောင့်တပ် BGF တပ်နယ်(၃)လက်အောက်ခံတပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဖာပွန်ကနေ ပြန်လည်ဆုတ်ခွာလာခဲ့တဲ့ BGF တပ်နယ်(၃)လက်အောက်ခံတပ်ဖွဲ့ဝင်တွေကို ရွှေကုက္ကိုလ်မြို့သစ်မှာ ကရင်နယ်ခြားစောင့်တပ် အထွေထွေအတွင်းရေးမှူးဖြစ်တဲ့ ဗိုလ်မှူးကြီးစောချစ်သူနဲ့ တပ်ဖွဲ့ဝင်တွေက ကြိုဆိုခဲ့ပါတယ်။



အခုလို BGF တပ်တွေ ပြန်လည်ရုတ်သိမ်းရတာဟာ ကရင်လူမျိုးအချင်းချင်း ပြန်မတိုက်ခိုက်ချင်တဲ့အတွက်ကြောင့် ပြန်လည် ရုတ်သိမ်းရတာဖြစ်ကြောင်း BGF တပ် အထွေထွေအတွင်းရေးမှူးဖြစ်တဲ့ ဗိုလ်မှူးကြီးစောချစ်သူက ကြိုဆိုပွဲမှာ ပြောဆိုခဲ့တယ်လို့ BGF နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေအတွင်းမှာ စစ်ကောင်စီရဲ့တပ်စခန်းတွေ ဆုံးရှုံးခဲ့ရပြီးတဲ့နောက်ပိုင်း စစ်ကောင်စီကိုစစ်ကူပေးတဲ့အနေနဲ့ နယ်ခြားစောင့်တပ် BGF တပ်နယ်တပ်ရင်းက လက်အောက်ခံတပ်တွေကို ဖာပွန်မှာ စစ်ဆင်ရေးဝင်ရောက်လှုပ်ရှားစေခဲ့တာပါ။

BGF တပ်ဟာ ဖာပွန်နယ်မြေအတွင်းက တိုက်ပွဲတွေမှာ အထိအခိုက်ကျဆုံးမှုများပြားခဲ့ပြီး တပ်မဟာ ၅ ထံ အလင်းဝင်ရောက်လာတာတွေလည်းရှိနေတယ်လို့ KNU ထုတ်ပြန်ထားပါတယ်။

ဖာပွန်ထဲကနေ BGF တပ်နယ် ၃ လက်အောက်ခံတပ်တွေ ပြန်လည်ဆုတ်ခွာသွားခဲ့ပေမယ့် နယ်မြေခံတပ်တွေဖြစ်တဲ့ BGF တပ်နယ် ၁ လက်အောက်ခံတပ်တွေကတော့ ဖာပွန်အပါအဝင် သထုံခရိုင် တပ်မဟာ ၁ နယ်မြေအတွင်းမှာ ဆက်လက်တပ်စွဲနေတုန်းပဲလို့ KNU တပ်မဟာ ၁ တာဝန်ရှိသူတွေက ပြောပါတယ်။

ဖာပွန်ခရိုင်ကနေ ကရင်နယ်ခြားစောင့်တပ် BGF တပ်နယ်(၃)လက်အောက်ခံတပ်ဖွဲ့ဝင်တွေ ပြန်လည် ရုတ်သိမ်းရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကရင်နယ်ခြားစောင့်တပ် အထွေထွေအတွင်းရေးမှူးဖြစ်တဲ့ ဗိုလ်မှူးကြီးစောချစ်သူကို သံလွင်တိုင်းမ်က ဖုန်းနဲ့ဆက်သွယ် မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.