ရန်ကုန် ၊ မေ (၁၂)

အာဏာသိမ်း စစ်ကောင်စီဟာ အာဏာတည်မြဲရေးအတွက်ကိုသာ ကြိုးပမ်းနေတာကြောင့် မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေး လုံးဝ ဆိတ်သုဉ်းသွားရတာ ဖြစ်တယ်လို့ ဥပဒေပညာရှင်တွေက ဝေဖန်လိုက်ပါတယ်။

စစ်တပ် အာဏာသိမ်းတဲ့ ၁နှစ်ကျော်ကာလအတွင်း နိုင်ငံတဝန်းမှာ ဘဏ်ဓားပြအတိုက်ခံရတာ၊ လူကိုသတ်ပြီး ပစ္စည်းတွေ လုယက်တာနဲ့ အုပ်စုဖွဲ့ ရမ်းကားတာအပါအဝင် ဥပဒေမဲ့ ဖြစ်စဉ်တွေ ဆက်တိုက် ဖြစ်ပေါ်နေတာပါ။

ဒါပေမယ့် အဲဒီဖြစ်စဉ်တွေကို စစ်ကောင်စီဘက်က ဖော်ထုတ်အရေးယူတာ အားနည်းနေသလို စစ်ကောင်စီထောက်ခံသူတွေ ဖြစ်ရင် အကာအကွယ်ပေးတာတွေ လုပ်ဆောင်လာပါတယ်။

ဥပဒေပညာရှင် တစ်ဦးကတော့ စစ်ကောင်စီဟာ တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်ဖို့ထက် အာဏာတည်မြဲရေးအတွက်သာ ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ဝေဖန်လိုက်ပါတယ်။



“ တရားဥပဒေစိုးမိုးရေးကို ဂရုမစိုက်တော့ဘူး ။ အာဏာတည်မြဲရေးပဲ ဂရုစိုက်တယ်။ ရဲတွေကလည်း သူတို့ ခိုင်းတာပဲလုပ်နေရတယ်။ အမှုစစ်ဖို့လည်း စိတ်မပါတော့ဘူး ။ အကြမ်းဖက်ဖို့ပဲ လုပ်နေတယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် နစ်နာသူတွေအနေနဲ့ ရဲစခန်းတွေမှာ အမှုဖွင့် တိုင်ကြားရင်လည်း အရေးတယူ ဆောင်ရွက်တာ အားနည်းလာသလို အမှုဖွင့်ရဖို့အတွက် ငွေကြေး အဆမတန် ပေးဆောင်နေရပါတယ်။

တဖက်မှာတော့ ပြည်သူတွေဟာ စစ်ကောင်စီအား ထောက်ခံသူ သွေးသောက်၊ စွန်ရဲ အပါအဝင် မျိုးချစ်အဖွဲ့တွေရဲ့ မတရားဖမ်းဆီး သတ်ဖြတ်ခံရမှာကို စိုးရိမ်တာကြောင့် မိမိတို့ လုံခြုံရေးကို ကိုယ်တိုင် ဆောင်ရွက်နေကြရပါတယ်။

စစ်ကောင်စီကတော့ တရားဥပဒေစိုးမိုးရေး ရရှိအတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုထားပေမယ့် မြေပြင်မှာ ပြည်သူတွေဟာ ဘဝမလုံခြုံမှု ပြဿနာကို အကြီးအကျယ် ရင်ဆိုင်နေရပါတယ်။

ဥပဒေပညာရှင်တွေကတော့ စစ်တပ် အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးဟာ အဆိုးဝါးဆုံး အခြေအနေတစ်ရပ်ကို ရောက်ရှိလာတယ်လို့ ဆိုကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.