မော်လမြိုင် ၊ မေ (၁၁)

မွန်ပြည်နယ်မှာ အခုမေလ ပထမအပတ်ကစပြီး ရော်ဘာ တစ်ပေါင်ကို ကျပ် ၁၀၀၀ နီးပါးထိ ဈေးနှုန်း ဆက်တိုက် ကျဆင်းလာတယ်လို့ ရော်ဘာခြံရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ရော်ဘာဈေးနှုန်းဟာ စစ်ကောင်စီက တစ်ဒေါ်လာကို ကျပ် ၁၈၅၀ နဲ့ ပြန်ရောင်းပေးရမယ်ဆိုတဲ့ ကန့်သတ်ချက် အပါအဝင် ထိုင်းနိုင်ငံက ရော်ဘာဝယ်ယူမှု သိသိသာသာ ကျဆင်းလာတာကြောင့် ဈေးနှုန်း ဆက်တိုက် ကျဆင်းလာတာ ဖြစ်ပါတယ်။

ရော်ဘာဈေးနှုန်းဟာ ပြီးခဲ့တဲ့ ဧပြီလမှာ တစ်ပေါင် ကျပ် ၁၂၀၀ နီးပါးထိ ပေါက်ဈေး ရှိခဲ့ပေမယ့် အခု မေလမှာတော့ ရော်ဘာ တစ်ပေါင်ကို ကျပ် ၁၀၀၀ နီးပါးထိ တစ်ပေါင်ကို ကျပ် ၂၀၀ လောက်ထိ ဈေးနှုန်း ဆက်တိုက် ကျဆင်းခဲ့တာ ဖြစ်ပါတယ်။

ရော်ဘာခြံရှင် တစ်ဦးကတော့ သွင်းအားစု ကုန်ပစ္စည်းတွေဖြစ်တဲ့ ဓာတ်မြေသြဇာနဲ့ အခြားဆက်စပ်ပစ္စည်းတွေ ဈေးနှုန်း ကြီးမြင့်နေတဲ့အချိန်မှာ အခုလို ရော်ဘာဈေးနှုန်း ကျဆင်းလာတာကြောင့် အကျိုးအမြတ် နည်းလာသလို အရှုံးမပေါ်အောင် မနည်းကြိုးပမ်းနေရတယ်လို့ ပြောပါတယ်။



“ကျွန်တော်တို့ အမြတ်အစွန်း နည်းသွားတာပေါ့၊ အကျိုးအမြတ်က တော်တော် နည်းသွားတယ်၊ အထူးသဖြင့် ဒီနှစ်ပေါ့၊ ဒီနှစ်ကျွန်တော်တို့ ရော်ဘာနဲ့ ပတ်သက်တဲ့ သွင်းအားစုကို အတော်များများသော ခြံရှင်တွေက ကျွန်တော်တို့ NPKပေါ့ ဒီနိုက်ထရိုဂျင်၊ ပိုတက်စူပါပေါ့ ဖော့ထရိတ်ပေါ့ အဲ့လိုမျိုး သွင်းအားစုတွေကို ကျွန်တော်တို့ နှစ်တိုင်းဝယ်ထည့်တာ ဒီနှစ်ဆို အတော်ကို အဝယ်နည်းသွားပြီး ကျွန်တော်တို့ သိပ်မဝယ် နိုင်တော့ဘူး၊ ဘာကြောင့်လည်း ဆိုတော့ ဈေးနှုန်းဟာ (၂)ဆနီးပါး သူက တက်သွားတယ်လေ” လို့ ဆိုပါတယ်။

ရော်ဘာဈေးနှုန်း ဆက်တိုက် ကျဆင်းလာတဲ့အတွက် ဈေးကွက်အတွင်း အရောင်းအဝယ် အေးနေသလို ပြည်ပ တင်ပို့သူတွေကလည်း စစ်ကောင်စီရဲ့ ကန့်သတ်ချက်တွေကြောင့် ရော်ဘာတင်ပို့မှု ယာယီရပ်ဆိုင်းခဲ့ပါတယ်။

ရော်ဘာခြံရှင်တွေကတော့ သွင်းအားစုကုန်တွေဖြစ်တဲ့ ဓာတ်မြေသြဇာနဲ့ အခြားဆက်စပ်ပစ္စည်းတွေ ထပ်မထည့်နိုင်တော့တဲ့ အတွက်ကြောင့် လာမယ့် ရာသီမှာ ရော်ဘာအထွက်နှုန်း သိသိသာသာ ကျဆင်းလာနိုင်တယ်လို့ ဆိုကြပါတယ်။

မွန်ပြည်နယ်မှာတော့ ရော်ဘာစိုက်ဧက ၅ သိန်းကျော် ရှိနေတာ ဖြစ်ပြီး နှစ်စဉ် ရော်ဘာတန်ချိန် ၁ သိန်း ကျော် ထွက်ရှိနေတာပါ။

ထွက်ရှိလာတဲ့ ရော်ဘာတွေကိုတော့ တရုတ်နိုင်ငံကို အဓိက တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.