ကိယက်ဗ်- မေ(၁၀) 

အမေရိကန် သမ္မတကတော် ဂျေးလ်ဘိုင်ဒန် ဟာ ကြိုတင်ထုတ်ပြန်ထားတာမရှိပဲ ယူကရိန်းနိုင်ငံကို သွားရောက်ခဲ့ပြီး စစ်ပွဲကြောင့် အိုးအိမ်မဲ့ဖြစ်သွားရတဲ့ အရပ်သားတွေခိုလှုံတဲ့ စာသင်ကျောင်းတစ်ခုမှာ ယူကရိန်းသမ္မတကတော် အိုလီနာဇီလန်းစကာနဲ့ တွေ့ဆုံခဲ့ပါတယ်။ 

သူမဟာ  ရိုမေးနီးယားအပါအဝင် ဒေသတွင်း ခရီးစဉ်တစ်စိတ်တစ်ပိုင်းအဖြစ် စလိုဗက်ကီးယားမှ ယူကရိန်းနိုင်ငံသို့ သွားရောက်ခဲ့ပြီးယူကရိန်းအတွက် အမေရိကန်ထောက်ခံအားပေးမှုနဲ့ ရုရှားကျူးကျော်မှုအပြီးမှဦ ကူညီဆောင်ရွက်ပေးနေတဲ့ နိုင်ငံတွေကို ပြသဖို့ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ 

“ကျမက အမေများနေ့ကို လာချင်တာ ဖြစ်တယ်၊ ဒီရက်စက်ကြမ်းကြုတ်တဲ့ စစ်ပွဲဟာ ရပ်တန့်သင့်ပြီး ယူကရိန်းပြည်သူတွေနဲ့အတူ အမေရိကန်ပြည်သူများက အတူရပ်တည်ကြောင်း ပြသဖို့ အရေးကြီးတယ်လို့” လို့ သူမက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ 

ဖေဖော်ဝါရီလ(၂၄) ရက်နေ့က ယူကရိန်းကို ရုရှားကျူးကျော်ပြီးနောက်ပိုင်း ယူကရိန်းသမ္မတ ကတော် အိုလီနာ ဇီလန်းစကာဟာ ပထမဆုံးအကြိမ်လူသိရှင်ကြားရုပ်လုံးထွက်ပြခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

“ဤ အလွန်ရဲရင့်သောလုပ်ရပ်အတွက် သူမကိုကျေးဇူးတင်ပါတယ်၊ ဘာလို့လဲဆိုရင် နေ့စဉ်နှင့်အမျှ နေရာတိုင်းမှာ ဝေဟင်ကနေရော မြေပြင်မှာပါ စစ်ပွဲတွေပြင်းထန်နေတဲ့ကြားထဲက ဒီကိုလာခဲ့ရတဲ့ လိုအပ်ချက်ကို နားလည်ပါတယ်” လို့ ဇီလန်းစကာက ပြောခဲ့ပါတယ်။ 

ဒါ့အပြင်ဇီလန်းစကာက ယခုအချိန်မှာသူမရဲ့အကြီးမားဆုံး စိုးရိမ်ပူပန်မှုဟာ ယူကရိန်းရှိ ကလေးများ၊ စစ်သားများနှင့် အခြားလူများ၏ စိတ်ကျန်းမာရေးအတွက်ဖြစ်တယ်လို့ ပြောခဲ့ပါသေးတယ်။ 

အမေရိကန်ဖက်စ်လေဒီဟာ ပြီးခဲ့တဲ့ မတ်လက ယူကရိန်းနိုင်ငံကို အလည်အပတ်လာရောက်ဖို့ ကနဦးစီစဉ်ခဲ့ပေမယ့် နောက်ပိုင်းမှာ အခွင့်အလမ်းပေါ်မလာသေးတဲ့အခြေအနေဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။ 

ခရီးစဉ်အပြီးမှာ ဘိုင်ဒင်ဟာ စလိုဗက်ကီးယားကို ပြန်လည်ရောက်ရှိခဲ့ပြီး အဲ့ဒီနေရာမှာ သူမဟာ ဒုက္ခသည်များ ကယ်ဆယ်ရေးလုပ်သားများနဲ့ အမေရိကန်သံရုံးဝန်ထမ်းများ အစိုးရအရာရှိများနဲ့ တွေ့ ဆုံခဲ့တယ်လို့ သိရပါတယ်။ 

ရုရှားရဲ့ ကျူးကျော်မှု စတင်ကတည်းက ယူကရိန်းရဲ့ ဒုက္ခသည် (၅.၅) သန်းနီးပါးထွက်ပြေးခဲ့ရတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။ 

 ဒုက္ခသည်တွေထဲက ၃၆၀၀၀၀ ကျော်ဟာ စလိုဗက်ကီးယားကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး ယူကရိန်းနိုင်ငံ သား ၈၁၀၀၀၀ ကျော်ဟာ ရိုမေနီးယားကို ဝင်ရောက်ခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ ဧပြီလ(၂၉) ရက်နေ့က ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။ 

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.