မော်စကို -ဧပြီ(၂၇)

စစ်ဒဏ်ခံနေရတဲ့ ယူကရိန်းကို လက်နက်တွေ ထပ်မံပေးပို့ဖို့ အမေရိကန်နဲ့ အနောက်အုပ်စု မဟာ မိတ်တွေက တွေ့ဆုံမှု မတိုင်ခင် တတိယကမ္ဘာစစ် ရဲ့ခြိမ်းခြောက်မှု အစစ်အမှန်ကို ရုရှားက သတိပေးခဲ့ပါတယ်။

ရုရှားဟာ အိမ်နီးချင်းယူကရိန်းကို ကျူးကျော်ဝင်ရောက်ခဲ့တဲ့အတွက် ရုရှားတပ်တွေကို ပြန်လည်ခုခံဖို့ နိုင်ငံတွင်းကို အနောက်နိုင်ငံတွေက လက်နက်အင်အားပံ့ပိုးကူညီမှုတွေဟာ ပိုမိုအရှိန်ဟုန်မြင့်စေခဲ့တာပါ။

ဒါပေမယ့်နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ရုရှားနဲ့ ပဋိပက္ခဖြစ်မှာကို စိုးရိမ်နေတဲ့အတွက်ကြောင့် အနောက်အင်အားကြီးနိုင်ငံတွေက သူတို့ရဲ့ ပါဝင်ပတ်သက်မှုကို နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်ဖို့ တွန့်ဆုတ်နေခဲ့ပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လာဗရော က တတိယကမ္ဘာစစ်ဖြစ်လာလိမ့်မယ်လို့ သတိပေးပြီး ကိဗ် ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာ ရှုပ်ထွေးတဲ့ချဉ်းကပ်မှုလို့ ရုရှားသတင်းအေဂျင်စီတွေနဲ့ တွေ့ဆုံချိန်မှာပြောခဲ့တာပါ။

“ဒါကအမှန်တကယ်ဖြစ်လာမှာ၊ အဲဒါကိုလျှော့တွက်လို့မရဘူး” လို့ လာဗရောက ပြောခဲ့ပါတယ်။

အမြောက်၊တိုက်လေယာဉ်တွေအပါအဝင် လက်နက်ကြီးတွေကို အနောက်နိုင်ငံ မဟာမိတ်တွေကို သမ္မတ ဇီလန်းစကီးက လပေါင်းများစွာကြာအောင် တောင်းဆိုခဲ့ပြီး သူ့နိုင်ငံရဲ့တပ်ဖွဲ့တွေအနေနဲ့  ပိုပြင်းတဲ့ လက်နက်အင်အားတွေကိုအသုံးပြုပြီး စစ်ပွဲရဲ့အလားအလာကိုလှည့်ပြောင်းပေးနိုင် လိမ့်မယ်လို့ ကတိပြုထားပါတယ်။

သီတင်းပတ်ကုန်က ပင်တဂွန်အကြီးအကဲ လွိုက်အော်စတင်နဲ့ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်တို့ဟာ  ဇီလန်းစကီး နဲ့ တွေ့ဆုံခဲ့ပြီး ယူကရိန်းအတွက် စစ်ရေးအကူအညီ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ပေးမယ်လို့ ကတိပြုခဲ့ထားပါတယ်။

“အနိုင်ရရှိခြင်းရဲ့ ပထမခြေလှမ်းက သင်အနိုင်ရနိုင်တယ်လို့ ယုံကြည်ခြင်းဖြစ်တယ်၊ ကျွန်တော်တို့ နိုင်မယ်လို့လည်း ယုံကြည်တယ်၊ သူတို့မှာ မှန်ကန်တဲ့ ပစ္စည်းကိရိယာ၊ မှန်ကန်တဲ့ ပံ့ပိုးကူညီမှုရှိရင် အောင်နိုင်မယ်လို့ ယုံကြည်ပါတယ်” လို့ အော်စတင်က သတင်းထောက်တွေကိုပြောပါတယ်။

အမေရိကန်ရဲ့ ဖိတ်ကြားချက်အရ နိုင်ငံပေါင်း (၄၀) ဟာ ယူကရိန်းကို နောက်ထပ် လက်နက်ပံ့ပိုးမှုတွေအတွက် ဆွေးနွေးဖို့နဲ့ စစ်ပွဲပြီးတာနဲ့ နိုင်ငံရဲ့ ရေရှည်လုံခြုံရေးကို သေချာစေဖို့အတွက် ဂျာမနီမှာ လုံခြုံရေး ထိပ်သီးဆွေးနွေးပွဲကို ကျင်းပမှာဖြစ်တယ်လို့ သိရပါတယ်။

ဖိတ်ကြားထားတဲ့နိုင်ငံတွေမှာ အမေရိကန်ရဲ့ဥရောပ မဟာမိတ်တွေနဲ့အတူ  သြစတြေးလျ၊ ဂျပန်တို့လည်းပါဝင်လာခဲ့ပြီး သူတို့အနေနဲ့ ယူကရိန်းမှာ ရုရှားရဲ့ အောင်ပွဲဟာ အာရှတိုက်မှာ တရုတ်ရဲ့ ကြီးစိုးမှု ရည်မှန်းချက်တွေကို စံနမူနာဖြစ်မှာကို စိုးရိမ်နေကြပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးကတည်းက နေတိုးအဖွဲ့ဝင်အဖြစ် ပါဝင်ဖို့ စဉ်းစားနေတဲ့ ဖင်လန်နဲ့ ဆွီဒင်တို့ကလည်း လေ့လာသူအဖြစ် ဆွေးနွေးပွဲမှာ ပါဝင်မှာ ဖြစ်ပါတယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.